News

POST TAGGED AS

တောင်ကိုရီးယား

ကင်ဂျုံအန်းနှင့်ပြုလုပ်မည့် ဆွေးနွေးပွဲအတွက် အချိန်၊ နေ့ရက်နှင့်နေရာ ရွေးချယ်သတ်မှတ်ပြီးပြီဟု ထရမ့်ပြောကြား


ဝါရှင်တန်၊ မေ ၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့ကို စီစဉ်သတ်မှတ်ပြီးပြီဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်အိမ်ဖြူတော်ကမူ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးတွေ့ဆုံမှုသည် မကြာမီ သတင်းပတ်များအတွင်း ပေါ်ပေါက်လာတော့မည်ဟု ထုတ်ဖော်အသိပေးထားသည်။ ယင်းဆွေးနွေးပွဲတွင် သမ္မတထရမ့်အနေနှင့် မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို တွန်းအားပေးသွားမည် ဖြစ်သည်။ 

ဆွေးနွေးပွဲကျင်းပဖွယ်ရှိသည့် နေရာများမှာ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြားရှိ စစ်မက်မဖြစ်ပွားရေးဇုန် သို့မဟုတ် စင်ကာပူ၊ သို့မဟုတ် ဆွစ်ဇာလန်နှင့် မွန်ဂိုလီးယား စသည်တို့ဖြစ်နိုင်သည်ဟု သတင်းများ ထွက်လျက်ရှိသည်။ ထရမ့်က စစ်မက်မဖြစ်ပွားရေးဇုန် (DMZ) ကို နှစ်သက်လိုလားသော်လည်း စင်ကာပူသည် ဖြစ်နိုင်ခြေရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သေးသည်။ 

တောင်ကိုရီးယားသမ္မတရုံးကမူ စစ်မက်မဖြစ်ပွားရေးဇုန်သည် ပြီးခဲ့သည့် ဧပြီလအတွင်း ကင်ဂျုံအန်းနှင့် သမ္မတမွန်ဂျေအင်းတို့ တွေ့ဆုံခဲ့ကြသည့် နေရာဖြစ်သည်။ 

အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်အရ သမ္မတထရမ့်သည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို မေလ ၂၂ ရက်နေ့တွင် အိမ်ဖြူတော်၌ တည်ခင်းဧည့်ခံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား ညီညွတ်မှုပြသနိုင်ရေးအတွက် တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

တောင်ကိုရီးယားနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ချောင်အူယောင်နှင့် သမ္မတထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်တို့ အိမ်ဖြူတော်တွင် သောကြာနေ့က တွေ့ဆုံခဲ့ပြီးနောက် ထရမ့်နှင့် သမ္မတမွန်ဂျေအင်းတို့တွေ့ဆုံမည့် အစီအစဉ်ကို ကြေညာခြင်းလည်းဖြစ်သည်။ 

ချောင်အူယောင်က သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ကိုရီးယားကျွန်းဆွယ်မှ ဖယ်ရှားမည့်အရေးကိစ္စကို တောင်ကိုရီးယားအနေနှင့် မည်သို့မျှ လက်သင့်ခံမည်မဟုတ်ကြောင်း ပြောကြားသည်။ 

New York Times သတင်းစာ၏ ရေးသားဖော်ပြချက်အရ သမ္မတထရမ့်သည် ကိုရီးယားကျွန်းဆွယ်ဒေသမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမည့်ကိစ္စကို ရွေးချယ်စရာ ကိစ္စတစ်ခုအဖြစ် သတ်မှတ်ရန် ပင်တဂွန်စစ်ဌာနချုပ်ကို ပြောဆိုထားကြောင်း သိရသည်။ ဂျွန်ဘိုလ်တန်ကမူ ယင်းကိစ္စသည် လုံးလုံးလျားလျား အဓိပ္ပာယ်မရှိသော ကိစ္စဖြစ်သည်ဟု ပြောဆိုထားသည်။ 

သမ္မတထရမ့်ကမူ “ကျွန်တော်ပြောမယ်၊ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ကိစ္စ တချို့ပေါ့၊ ကျွန်တော့်အနေနဲ့ ပိုက်ဆံချွေတာချင်တယ်။ ဒါပေမဲ့ (ကင်ဂျုံအန်းနှင့်) ဆွေးနွေးညှိနှိုင်းတဲ့ကိစ္စမှာ အမေရိကန် တပ်ဖွဲ့တွေကိစ္စမပါပါဘူး”ဟု ထရမ့်က မတင်မကျ ပြောဆိုထားသည်။ 

F-01



FOLLOW US