News

POST TAGGED AS

ညောင်ဦး

မန္တလေးမြို့နှင့် သက်ဆိုင်သောအချက်များ အမှန်ဖြစ်စေရန် စည်ပင်စာရင်းကောက်
မန္တလေး၊ ဇူလိုင် ၎

မန္တလေးမြို့တော်နှင့် ပတ်သက်သည့်အချက်အလက်များ မှန်ကန်စွာ ရရှိစေရေးအတွက် မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံချက်ချကာ စာရင်းကောက်မည်ဖြစ်ကြောင်း ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

အချက်အလက်ဆိုရာ၌ ရေသုံးစွဲမှု စနစ်၊ မိလ္လာစနစ်၊ ရေမီတာ ကောင်း မကောင်း၊ လုပ်ငန်းလိုင်စင်ရှိ မရှိ၊ နံရံကပ် ကြော်ငြာရှိ မရှိ၊ အဆောက်အအုံ အမျိုးအစား၊ မြေအမျိုးအစားတို့ကို ဆိုလိုခြင်းဖြစ်သည်။

မန္တလေးမြို့တော်သည် မြေပြင်တွင်ရှိသော အခြေအနေနှင့် မြို့တော်စည်ပင်တွင်ရှိသော အချက်အလက်များ ကွာဟနေခြင်း၊ မြို့အတွက် စီမံကိန်းများ လုပ်ဆောင်ရာတွင် အချက်အလက် အမှန်မရှိခြင်း၊ ပြည့်စုံမှုမရှိခြင်းတို့ကြောင့် ရေရှည်တွင် အသုံးချနိုင်ရန်ရည်ရွယ်၍ စာရင်းကောက်ယူခြင်းဖြစ်သည်ဟု ဦးကျော်ဇောအောင်က ပြောဆိုသည်။

“ဒီဥစ္စာက ကျွန်တော်တို့ မန္တလေးမြို့တော်အတွက် အရေးကြီးတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဝိုင်းကူညီပေးဖို့လိုပါတယ်။ စာရင်း အတိအကျ မရှိရင် အလွဲလွဲ အချော်ချော် ဖြစ်နေမှာ”ဟု ၎င်းက ထပ်မံပြောဆိုသည်။

ရေနှင့်သန့်ရှင်းမှု၊ အဆောက်အအုံနှင့် ကုန်ရုံ၊ သန့်ရှင်းရေး၊ မြေယာနှင့် အခွန်ဌာနမှ ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာ တစ်ပတ်လျှင် နှစ်ရက်၊ မြို့နယ်တစ်ခုလျှင် သုံးရပ်ကွက်နှုန်းဖြင့် တစ်ရက်လျှင် ၁၈ ရပ်ကွက်၌ တစ်ပြိုင်နက် ကောက်ယူမည်ဖြစ်ကြောင်း၊ သုံးလအတွင်း အိမ်တိုင်းစေ့ လိုက်လံကောက်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်သုံးကို ရှေ့ပြေးစီမံချက်အဖြစ် ကောက်ယူခဲ့ရာတွင် အိမ်အလုံးပေါင်း ၄၁၆ လုံးအနက် အိမ်ခွန်စည်းမကြပ်ရသေးသည့် အိမ် ၇၁ လုံး၊ လုပ်ငန်းလိုင်စင် မရှိသည့်အိမ် ၃၂ လုံးနှင့် သတ်မှတ်ထားသော အိမ်အခွန်နှုန်းနှင့် မညီသည်များကို တွေ့ရကြောင်း ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောဆိုသည်။

M-07



FOLLOW US