News

POST TAGGED AS

ဆွေးနွေးပွဲ

မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ပါက အစည်းအဝေးမှ ထထွက်သွားမည်ဟု ထရမ့်ပြောကြား


ဝါရှင်တန်၊ ဧပြီ ၁၈

အကယ်၍သာ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းနှင့်အတူ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲ အထမြောက်အောင်မြင်မှုမရရှိခဲ့ပါက မိမိအနေနှင့် ယင်းဆွေးနွေးပွဲမှ ထထွက်သွားမည်သာဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအန်းနှင့်ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ အထက်ပါအတိုင်း သုံးသပ်ပြောဆိုခြင်းဖြစ်သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ထရမ့်နှင့် ရှင်ဇိုအာဘေးတို့က နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ မြောက်ကိုရီးယားအပေါ် ဖိအားများဆက်လက်ပေးသွားမည်သာဖြစ်ကြောင်း ပြောကြားသည်။ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သမ္မတထရမ့်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဖလော်ရီဒါပြည်နယ်ရှိ မာအာလာဂို အပန်းဖြေစခန်းသို့ ရောက်ရှိနေသည်။ 

သမ္မတထရမ့်က ယင်းသတင်းစာရှင်းလင်းပွဲမတိုင်မီ စီအိုင်အေဒါရိုက်တာ မိုက်ပွန်ပီယိုသည် ကင်ဂျုံအန်နှင့်တွေ့ဆုံနိုင်ရေးအတွက် မြောက်ကိုရီးယားသို့ လျှို့ဝှက်ခရီးစဉ် သွားရောက်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ 

စီအိုင်အေ ဒါရိုက်တာမိုက်ပွန်ပီယိုသည် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆက်ဆံရေးကောင်းတစ်ရပ်ကို ထူထောင်ထားပြီးဖြစ်ကြောင်း၊ ၎င်းတို့ တွေ့ဆုံမှုသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ကြောင်း ထရမ့်ကပြောကြားသည်။ 

မိုက်ပွန်ပီယို၏ ခရီးစဉ်သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား အဆင့်အမြင့်ဆုံးအရာရှိကြီးများ တွေ့ဆုံမှုဖြစ်သည်။ 

ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်တို့သည် လာမည့်ဇွန်လတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြသည်။ သို့သော် ယင်းဆွေးနွေးပွဲကျင်းပမည့်နေရာအပါအဝင် အသေးစိတ်အချက်အလက်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်းမရှိသေးပေ။

အဆိုပါဆွေးနွေးပွဲအောင်မြင်ဖြစ်ထွန်းမည်မဟုတ်ဟု ထင်မြင်မိပါက ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း၊ အကယ်၍ ဆွေးနွေးပွဲကျင်းပဖြစ်ခဲ့ပါသော်လည်း အကျိုးဖြစ်ထွန်းမှုမရှိခဲ့ပါက ယင်းဆွေးနွေးပွဲမှ ထထွက်သွားမည်သာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

“ကျွန်တော်တို့ကတော့ မြောက်ကိုရီးယား နျူကလီးယားဖြုတ်သိမ်းမှုမပြုလုပ်သေးသရွေ့ ဖိအားတွေအများကြီး ဆက်ပေးနေဦးမှာပါပဲ”ဟု ဒေါ်နယ်ထရမ့်က ပြောကြားသွားသည်။

F-01



FOLLOW US