News

POST TAGGED AS

ဆွေးနွေးပွဲ

AAPP ဓာတ်ပုံပြခန်း ယနေ့ဖွင့်မည်
ရန်ကုန်၊ မတ် ၂၂

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP-B) တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အထိမ်းအမှတ်နှင့် MEMORY OF THE PAST ဟု အမည်ပေးထားသည့် ဓာတ်ပုံပြခန်းဖွင့်ပွဲကို ယနေ့ (မတ်လ ၂၃ ရက်) ကျင်းပမည်ဖြစ်သည်။

အဆိုပါပြခန်း၌ အကျဉ်းထောင်များ၊ နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းသားများ၏ဘဝကို ထင်ဟပ်စေမည့် ဓာတ်ပုံမှတ်တမ်းများကို ပြသသွားမည်ဖြစ်ပြီး မြောက်ဒဂုံမြို့နယ်ရှိ AAPP ရုံးတည်ရှိရာ အမှတ် ၇၅၊ ဥဿဖုရားလမ်း၊ ၃၃ တိုးချဲ့ ရပ်ကွက်တွင် ပြုလုပ်မည်ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် နော်ဝေ၊ ဆွစ်ဇာလန်၊ နယ်သာလန် စသောနိုင်ငံများ မှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်ပြီး နေ့လယ်ပိုင်း အစီအစဉ်တွင် ဓာတ်ပုံပြခန်း ဖွင့်လှစ်မည်ဖြစ်သည်။

“နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကို ထင်ဟပ်တဲ့ ဓာတ်ပုံတွေ ပြထားမှာပေါ့၊ အဓိကတော့ မြန်မာနိုင်ငံရေး အကူးအပြောင်းမှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ လူတန်းစား တစ်ရပ်ဟာ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေတယ်ဆိုတာ နောင်လူတွေသတိထားမိစေဖို့”ဟု AAPP ၏ ပြည်တွင်းတာဝန်ခံ ကိုအောင်မျိုးကျော်က ဆိုသည်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၂၄၀ ဦး ထိန်းသိမ်းခံခဲ့ရကာ ထိုအထဲမှ ၄၄ ဦးမှာ အကျဉ်းကျခံခဲ့ရပြီး ၁၂၀ ဦးမှာ ပြင်ပမှ တရားရင်ဆိုင်နေရသော်လည်း ၇၅ ဦးမှာ အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်နေရကြောင်း AAPP ၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအရ ဒီမိုကရေစီခေတ်ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက် ရှိရင်တောင် များတယ်လို့ပြောထားတာ၊ အခုပမာဏအတိုင်းဆို အင်မတန် များနေပါတယ်၊ ဒါတွေကို အစိုးရ သတိပြုသင့်ပြီ”ဟု ၎င်းကဆိုသည်။

နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်ပြီး ၎င်းတို့၏ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အစိုးရ အဆက်ဆက် လုပ်ကိုင်မှုများမှာ အလွန်အားနည်းနေသေးပြီး နိုင်ငံရေးအကျဉ်းသားဟူသော စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုချက်မှာလည်း အငြင်းပွားမှုများ ရှိသေးသည်။

ဝေလင်း



FOLLOW US