News

POST TAGGED AS

ဆွေးနွေးပွဲများ

KKO (ခွဲထွက်) အဖွဲ့မှ လက်နက်ကိုင် ၁၀ ဦး အလင်းဝင်


ဘားအံ၊ ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ မဲသဝေါဒေသ ကျုံထော်ရေတံခွန်အနီး နယ်ခြားစောင့်တပ် (BGF) စခန်းသို့ ဇန်ဝါရီလ ၇ ရက်က KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ စောဇေယျာမြင့် (ဗိုလ်ပစ်) ခေါင်းဆောင်သော တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း နယ်ခြားစောင့်တပ် (BGF) ထံမှ သိရသည်။ 

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ခွဲထွက်ထားသော တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော် (ခ) ကလိုထူးဘောအဖွဲ့ (KKO) အဖွဲ့က ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် ယင်းအဖွဲ့က နယ်ခြားစောင့်တပ်ကို ပြောက်ကျားစနစ်ဖြင့် ချုံခိုတိုက်ခိုက်မှုများ၊ တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် KKO ခွဲထွက်အဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦးက အလင်းဝင်ရောက်ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်ထံမှ သိရသည်။ 

အဆိုပါအဖွဲ့က လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၈၂ တောင့်၊ ကျည်အိမ်မျိုးစုံ ကိုးခု၊ ၄၀ မမ ဗုံးသီးသုံးလုံးနှင့်အတူ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေနှင့် KKO ခွဲထွက် စောဆန်းအောင်၏ လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းမရှိတော့ဘဲ လက်နက်ကိုင်မှုကို စွန့်လွှတ်ကာ ငြိမ်းချမ်းစွာနေထိုင်လိုသဖြင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ဆီ လက်နက်ကိုင် ၁၀ ဦး လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ကြတာ ဟုတ်ပါတယ်။ သူတို့ကို မြိုင်ကြီးငူမှာ လက်ခံစောင့်ရှောက်ပြီး လိုအပ်တာတွေ အကူအညီပေးထားပါတယ်”ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ကွပ်ကဲရေး တာဝန်ရှိသူ ဗိုလ်ကြီး စောဇော်လင်းက ပြောကြားသည်။ 

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ မဲသဝေါဒေသအတွင်း တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များမှတစ်ဖက်နှင့် ဗိုလ်ပစ်ခေါင်းဆောင်သော KKO အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

ယင်းတိုက်ပွဲများကြောင့် ကျေးရွာ ၃၀ ကျော်ရှိ ဒေသခံ ၅၆၀၀ ကျော်မှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရှိရသည်။
 
R-17



FOLLOW US