News

POST TAGGED AS

ဆေးဝါး

30-Jan-2018

ရန်ကုန် ဆေးဝါး
ကင်ဆာရောဂါကုသရေးသုံး ကိုဒင်းနှင့်မော်ဖင်းဆေးဝါး ထုတ်ရန် ဘိန်းစိမ်း ကီလိုဂရမ် ၂၀၀ တောင်းခံ
ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကင်ဆာရောဂါကုသရေးအတွက် ပေါင်းခံအဆီထုတ်ဖော်စပ်သော ကိုဒင်းနှင့်မော်ဖင်းဆေးဝါးများ ထုတ်လုပ်ရန် အခြေခံကုန်ကြမ်းပစ္စည်းဖြစ်သည့် ဘိန်းစိမ်းကီလိုဂရမ် နှစ်ရာခန့်ကို ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးဗဟိုအဖွဲ့ထံ တင်ပြတောင်းခံထားကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

“ဒီနှစ်သုံးမယ့် ဘိန်းစိမ်းပမာဏကို ဓာတုပစ္စည်းထိန်းချုပ်ရေးဗဟိုအဖွဲ့ဆီ တင်ပြထားတယ်။ လူနာတွေအတွက် လုံလောက်အောင် ရဖို့လိုသလို အားလုံးလက်လှမ်းမီဖို့ လိုတယ်”ဟု မြန်မာ့ ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုလွင်က ဆိုသည်။

လက်ရှိတွင် ကင်ဆာရောဂါကုသရေးတွင် မရှိမဖြစ်လိုအပ်သော ကိုဒင်းနှင့်မော်ဖင်းဆေးဝါးသည် ရောဂါဝေဒနာရှင်များအတွက် လက်လှမ်းမီရန် ခက်ခဲနေကြောင်း၊ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါနှင့် ဆက်နွှယ်ဖြစ်ပွားသူ လူနာသိန်းချီ ရှိလာခြင်းကြောင့် မြန်မာ့ဆေးဝါး ထုတ်လုပ်ရေးစက်ရုံများအနက် အင်းစိန်ဆေးဝါးစက်ရုံ (BPI) က ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

၂၀၁၇ မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်အပါအဝင် မြို့ကြီး ၁၀ ခုတွင် ကင်ဆာဝန်ဆောင်မှုများနှင့် ပတ်သက်၍ လိုအပ်ချက်များကို လေ့လာဆန်းစစ်နေပြီး အရည်အသွေးပြည့်ဝသည့် ကင်ဆာစောင့်ရှောက်မှုရရှိရေးတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မဟာဗျူဟာမြောက် အကောင်အထည်ဖော်ရေးအတွက် လူဦးရေတစ်သန်းခန့်ရှိသော ရန်ကုန်မြို့ကို ရွေးချယ်ကာ ကင်ဆာရောဂါ ကုသရေးလုပ်ငန်းများ ပေးစွမ်းရန် (C/ Can 2025) စီမံချက်ကို နိုင်ငံတကာ ကင်ဆာထိန်းချုပ်ရေးအဖွဲ့ကြီး (UICC) က ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

“ဘိန်းစိမ်းက ရန်ကုန်ဆေးဝါးစက်ရုံအတွက် ပိုအသုံးပြုမှုများတယ်၊ စက်ရုံမှာကျ ဘိန်းစိမ်းကို အရင်ဆုံး ပေါင်းခံအဆီထုတ်လိုက်တယ်၊ ပြီးမှ ကင်ဆာရောဂါကုသရေး ကဏ္ဍာမှာသုံးတဲ့ ဆေးဝါးအချော ပြန်လည်ထုတ်လုပ်ပါတယ်”ဟု မြန်မာ့ဆေးဝါးလုပ်ငန်း (အင်းစိန်) မှ ဒုတိယစက်ရုံမှူး ဒေါက်တာအောင်ဇော်က ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် အသုံးပြုရန်လိုအပ်ဟု တောင်းခံလာသည့် ဝန်ကြီးဌာနများအနက် စက်မှုဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် ပညာရေးဝန်ကြီးဌာနရှိ သုတေသနလုပ်ငန်းများအတွက် ဘိန်းစိမ်းအပါအဝင် အမိုနီယမ်ကာဗွန်နိတ်၊ ဆာလဖျူရစ်အက်စစ်တို့ကို ပြည်သူ့အကျိုးအတွက် ပြန်လည်အသုံးပြုမည့် နေရာနှင့်အတူ တင်ပြတောင်းခံပါက ပြည်ထဲရေးဝန်ကြီးဌာန၊ ဓာတုပစ္စည်းထိန်းချုပ်ရေး ဗဟိုအဖွဲ့မှစစ်ဆေး၍ လွဲပြောင်းပေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရသည်။

ကမ္ဘာ့နိုင်ငံများတွင် ကင်ဆာရောဂါ ဖြစ်ပွားနှုန်းသည် ယခင်ထက် အဆပေါင်းများစွာ မြင့်တက်လျက်ရှိပြီး အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကင်ဆာရောဂါကြောင့် သေဆုံးမှု၊ ဖြစ်ပွားမှု မြင့်တက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင်နှစ်စဉ် ကင်ဆာရောဂါကြောင့် လူဦးရေ ၈ ဒသမ ၂ သန်းလောက် သေဆုံးနေပြီး ၁၄ သန်းခန့်က ကင်ဆာရောဂါကို ခံစားနေရပြီး ၂၀၃၀ ခုနှစ်တွင် လူဦးရေ ၂၁ ဒသမ ၆ သန်းခန့် ကင်ဆာရောဂါ ခံစားရနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။  

J-17



FOLLOW US