News

POST TAGGED AS

ဆေးလိပ်

ထိုင်းနိုင်ငံရှိ ကမ်းခြေ ၂၁ ခု ဆေးလိပ်သောက်ခွင့်ပိတ်
ရန်ကုန်၊ ဇန်နဝါရီ ၂၉

ထိုင်းနိုင်ငံရှိ အပန်းဖြေကမ်းခြေ ၂၁ ခုတွင် ဆေးလိပ်သောက်မှု ပိတ်ပင်ခြင်းနှင့် ဆေးလိပ်စွန့်ပစ်မှု စနစ်တကျမပြုလုပ်ပါက အရေးယူမည်ဟု အသိပေးလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၃၁ ရက်မှစ၍ ထိုင်းအပန်းဖြေကမ်းခြေများတွင် ဆေးလိပ်သောက်မှုကို ပိတ်ပင်ခြင်းအပြင် ဆေးလိပ် အကြွင်းအကျန်အား သတ်မှတ်ထားသည့်နေရာများတွင် စနစ်တကျစွန့်ပစ်ခြင်း မပြုပါကလည်း အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘန်ကောက်ရှိ နိုင်ငံခြားသံရုံးများကို အသိပေးခဲ့ခြင်းဖြစ်သည်။

“ပင်လယ်ကမ်းခြေတွေလည်း လူသူအများရဲ့အပန်းဖြေနေရာဖြစ်လို့ စပြီး ပိတ်ပင်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အများသုံးနေရာတွေမှာ ဆေးလိပ်သောက်ခြင်း ပိတ်ပင်ထားပေမယ့် ဆေးလိပ်သောက်သူတွေအတွက် ဆေးလိပ်သောက်လို့ရမယ့်နေရာတော့ စီစဉ်ပေးထားရပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်တစ်ဦးက ဆိုသည်။

ဆေးလိပ်သောက်ခြင်းသည် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် နိုင်ငံအများအပြားတွင် ဆေးလိပ်သောက်ခြင်းကို တဖြည်းဖြည်းပိတ်ပင်လာကြောင်း၊ ပထမအစပိုင်းက လေယာဉ်ပျံ၊ ရုံးခန်း၊ ဟိုတယ်၊ Air Con ရှိသောအခန်းများတွင် ဆေးလိပ်သောက်ခွင့် ပိတ်ပင်ခဲ့ရာမှ နောက်ပိုင်းတွင် Air Con မရှိသော်လည်း အဆောက်အအုံအတွင်း၊ စားသောက်ဆိုင်များ၊ အများပြည်သူ အပန်းဖြေသော ပန်းခြံနှင့် အခြားနေရာများ ထိုမှတစ်ဆင့် လမ်းပေါ်တွင် ဆေးလိပ်မသောက်ရ၊ လမ်းလျှောက်ရင်း မသောက်ရဟူ၍ တားမြစ်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအပန်းဖြေစခန်းများအပြင် နောက်ထပ် ကမ်းခြေများပါ ပိတ်ပင်မည်ဖြစ်ကြောင်း၊ ထိုသို့ တားမြစ်ချက်များကို ချိုးဖောက်ပါက ထောင်ဒဏ်တစ်နှစ်အထိ သို့မဟုတ် ငွေဒဏ် ဘတ်တစ်သိန်း သို့မဟုတ် နှစ်ခုပေါင်း ကျခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

မြန်မာခရီးသွားများအနေနှင့် လေယာဉ်လက်မှတ်ခနှုန်း သက်သာခြင်းကြောင့် ထိုင်းနိုင်ငံသို့ သွားလာမှုများပြားလာပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနယ်ပယ်မှ သိရသည်။



FOLLOW US