News

POST TAGGED AS

ဆေးတက္ကသိုလ်

05-Nov-2017

ဆေးတက္ကသိုလ်
ဆေးတက္ကသိုလ်ဝင်ခွင့်စနစ် လာမည့်နှစ် စပြောင်းမည် ၊ သင်ကြားနည်းစနစ်ကိုလည်း ဘာသာရပ်များပေါင်းစပ်သင်ကြားမည့် ပုံစံသို့ပြောင်းမည်
ရန်ကုန်၊ နိုဝင်ဘာ ၅

ဆေးတက္ကသိုလ် ဝင်ခွင့်စနစ်ကို အမှတ်နှင့် ဆုံးဖြတ်သည့်စနစ်အပြင် လူတွေ့စစ်ဆေးမှုကိုပါ ထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် စတင် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက ပြောကြားသည်။

ဆေးတက္ကသိုလ်ဝင်ခွင့် အင်တာဗျူးအတွက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူတိုင်း လျှောက်ထားနိုင်ပြီး လျှောက်ထားသူများအနက်မှ တန်းစီဇယားအတိုင်း အမှတ် အများဆုံး ကျောင်းသား၊ ကျောင်းသူများကို အင်တာဗျူးအတွက် ရွေးချယ်မည်ဖြစ်သည်။ 

အင်တာဗျူး ဖြေဆိုရသူများအနက်မှ တက္ကသိုလ်ဝင်တန်း အမှတ်ရာခိုင်နှုန်း၊ အင်တာဗျူး ဖြေဆိုနိုင်သည့် ရာခိုင်နှုန်းတို့ပေါ် မူတည်ပြီး ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ 

“အမှတ်ကောင်းတဲ့သူတိုင်း ဆရာဝန်လိုင်း လျှောက်ရမယ့်ဟာမျိုး ဖြစ်နေတော့ တော်တော်များများက စိတ်ဝင်စားတာတွေ၊ စိတ်မဝင်စားတာတွေ မပါတော့ဘူး။ သူရဲ့ စိတ်နေ သဘောထားက ဒီအလုပ်နဲ့ ကိုက်ညီလားဆိုတာ မသိဘဲနဲ့ ဝင်လာကြတယ်။ အထဲထဲရောက်တော့ ပြန်ထွက်ဖို့ ခက်နေကြတယ်။ အဲလိုဖြစ်တာ နည်းသွားအောင်။ နိုင်ငံတကာမှာလို ဒီစနစ်ကို သွားဖို့လုပ်တာပါ”ဟု ဦးဇော်ဝေစိုးက ရှင်းပြသည်။ 

လာမည့်နှစ်မှစ၍ ဆေးတက္ကသိုလ်ဝင်ခွင့်ကို အမှတ်သာမက လူတွေ့ အင်တာဗျူးမေးမြန်းပြီး တက္ကသိုလ်က သတ်မှတ်သည့် ကျောင်းသားဦးရေအလိုက် ဝင်ခွင့်ပေးမည်ဖြစ်သည်။

ဆရာများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်က ယင်းသို့ တက္ကသိုလ်ဝင်တန်းရမှတ် ပါဝင်သတ်မှတ်ခြင်းဖြင့် ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်များ သင်ယူရာတွင် အခြေခံပါ၍ လိုက်နိုင်ခြင်းရှိ၊ မရှိ ကနဦး အကဲဖြတ်နိုင်ရန်နှင့် သို့မဟုတ်ဘဲ ကျောင်းသားတိုင်း လျှောက်ထားလျှင် လူဦးရေ များပြီး မနိုင်မနင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။ 

သို့သော် ဆေးတက္ကသိုလ်တစ်ခုတွင် ကျောင်းသားဦးရေ ၅၀ဝ လက်ခံမည်ဆိုလျှင် လက်ခံမည့် ကျောင်းသားဦးရေ၏ နှစ်ဆ သို့မဟုတ် သုံးဆကို အကြုံးဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း ရမှတ်ဖြင့် ဆေးတက္ကသိုလ်လျှောက်ထားခွင့် အခွင့်အရေး ပေးသင့်ကြောင်း မှတ်ချက်ပြုသည်။ 

ယင်းအပြင် ဆေးတက္ကသိုလ်တွင် သင်ကြားနည်းစနစ်ကိုလည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဦးဇော်ဝေစိုးက ဆိုသည်။

ဆေးတက္ကသိုလ်များတွင် ဆေးပညာရပ်ဆိုင်ရာ သင်ကြားခြင်းကို ဘာသာရပ်အလိုက် သီးခြားစီ သင်ကြားခြင်းမှ ပေါင်းစည်း သင်ကြားခြင်းစနစ်သို့ လာမည့်နှစ် (၂၀၁၈ ခုနှစ်) ဒီဇင်ဘာတွင် စတင် ပြောင်းလဲရန် စီစဉ်နေကြောင်း ၎င်းကရှင်းပြသည်။

သင်ကြားနည်းစနစ်နှင့် ဝင်ခွင့်ပုံစံ ပြောင်းလဲခြင်းသည် ဆေးတက္ကသိုလ်များတွင်သာ ပြောင်းလဲမည်ဖြစ်ပြီး အခြားသော ဆေးနှီးနွှယ် တက္ကသိုလ်များ မပါဝင်ပေ။ 

ယင်းကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တရားဝင် ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်သော်လည်း မည်သည့်အချိန် ထုတ်ပြန်မည်ကို လတ်တလော မသိရှိရသေးပေ။ 

လက်ရှိ သင်ကြားနည်းသည် ဘာသာရပ် တစ်ခုချင်းစီကို သီးခြား သင်ကြားပေးခြင်းဖြစ်ပြီး လူနာကို သွားရောက် ကြည့်ရှုချိန်မှသာ သင်ကြားထားသည့် ဘာသာရပ်များကို ပေါင်းစပ် တွေးခေါ်၍ ကုသပေးရခြင်းဖြစ်သည်။ ပြောင်းလဲမည့် သင်ကြားနည်းသည် ရှိနေသော ရောဂါတစ်ခု၊ ပြဿနာတစ်ခုကို အခြေခံမူတည်၍ ဘာသာရပ် အားလုံး ပေါင်းစပ်သင်ကြားမည်ဖြစ်သည်။ 

ပြဿနာများကို ပေါင်းစပ်တွေးခေါ်မှုနှင့် ဖြေရှင်းတတ်စေရန်၊ သတင်း အချက်အလက် နည်းပညာခေတ်နှင့်အညီ တိုးတက်များပြားလာသည့် အသိပညာ၊ အတတ်ပညာများကို အလွတ်ကျက်၍ မဖြစ်တော့ဘဲ ပေါင်းစပ်တွေးခေါ်မှုနှင့် ဆည်းပူးနိုင်ရန် ယင်းသို့ ပြောင်းလဲမည်ဖြစ်ကြောင်း ဦးဇော်ဝေစိုးက ပြောဆိုသည်။ 

“ဘာသာရပ်အလိုက် မဟုတ်တော့ဘဲ လူရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဖွဲ့အစည်းတွေ၊ ရောဂါပြဿနာတွေကို အခြေခံ ပေါင်းစပ်သင်ကြားမယ်။ ဆေးပညာ သင်ကြားနည်းစနစ် ပြောင်းတယ်ဆိုတာ သိပ်အရေးကြီးတယ်။ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး။ တချို့ တိုင်းပြည်တွေမှာ ဒါပြောင်းဖို့ ၁၅ နှစ်၊ နှစ် ၂၀ ကြာတယ်။ ဝုန်းဒိုင်းဆိုပြီး သူများဆီက ပုံတူကူးလို့ မရဘူး”ဟု ပါမောက္ခချုပ်က ရှင်းပြသည်။ 

လက်ရှိ ဆေးတက္ကသိုလ် ပထမနှစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊  ဓာတုဗေဒ၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ ဘာသာရပ်များ သင်ကြားရသည်။ ဒုတိယနှစ်တွင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ တတိယနှစ်တွင် ဆေးဝါးဗေဒ၊ အဏု ဇီဝဗေဒ၊ ရောဂါဗေဒတို့ကို သီးခြားစီ တစ်ဘာသာခြင်း ခွဲခြားသင်ကြားခြင်း ဖြစ်သည်။ 

ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ပထမနှစ် အပိုင်း (က) တစ်နှစ်တွင် ရောဂါဗေဒ၊ ဥပဒေရေးရာဆေးပညာ၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ၊ နောက်ဆုံးနှစ် အပိုင်း(ခ) တစ်နှစ်ခွဲတွင်  ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွား မီးယပ်ပညာ၊ ကလေး ကျန်းမာပညာများကို တစ်ဘာသာချင်းစီ သင်ကြားရခြင်းဖြစ်သည်။ 

ဆေးတက္ကသိုလ် (မန္တလေး) နောက်ဆုံးနှစ် ကျောင်းသား ကိုထက်ဖြိုးကျော်က “ကျွန်တော်တို့ နားလည်လိုက်တာ ပေါင်းစပ်သင်ကြားခြင်းဆိုတာ ကျွန်တော်တို့တုန်းက အောက်တန်းမှာ သင်ခဲ့ရတဲ့ ဘာသာရပ်နဲ့ လက်ရှိ သင်ကြားနေတဲ့ ဘာသာရပ်ကို ကိုယ့်ဟာကို ချိတ်ဆက်ရတယ်။ အခုနောက်ပိုင်း ကလေးတွေကျ ကိုယ်ဘာသာ ချိတ်ဆက်စရာမလိုဘဲ သင်ရိုးကိုက ချိတ်ဆက်ပြီးသားမို့ ကျွန်တော်တို့ထက် ပိုပြီး အလုပ်ရှုပ်သက်သာမယ်လို့ ထင်ပါတယ်”ဟု ပြောကြားသည်။

လာမည့်နှစ်၍မှစ၍ တစ်နှစ်ချင်းစီ ပြောင်းလဲသွားမည့် ဆေးပညာရပ်ဆိုင်ရာ သင်ကြားနည်းသည် ၂၀၁၈ခုနှစ်မှ ဆေးတက္ကသိုလ် ပထမနှစ် တက်ရောက်မည့် ကျောင်းသားများသာ အကြုံးဝင်မည်ဖြစ်သည်။ လက်ရှိ ဆေးကျောင်းသားများကို လက်ရှိစနစ်ဟောင်းအတိုင်း သင်ကြားမည်ဖြစ်၍ သင်ကြားနည်းအသစ်နှင့် အကြုံးဝင်မည် မဟုတ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။ 

ပြောင်းလဲမည့် သင်ကြားနည်းစနစ်သည် ပို့ချသင်ကြားခြင်းအပြင် ကျောင်းသားများကို အုပ်စုငယ်များ ဖွဲ့စည်း၍ ပြဿနာ ရောဂါများကို မည်သို့ မည်ပုံ ဖြေရှင်းမည်ကို ဆွေးနွေးခြင်း၊ နည်းလမ်းရှာစေခြင်းဖြင့် သင်ကြားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ယင်းစနစ်ပြောင်းရန် လွန်ခဲ့သော သုံးနှစ်ကတည်းက ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ရှိ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဆေးပညာသင်ကြားရေး ကျွမ်းကျင်သည့် ဂုဏ်ထူးဆောင် ပါမောက္ခကြီးများ ဦးဆောင်ပါဝင်၍ သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ကော်မတီအနေနှင့် သင်ကြားနည်း စနစ်ပြောင်းရန် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်နှင့် ဩစတြေးလျ ဆေးတက္ကသိုလ်များမှ ဆေးပညာ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးခဲ့ရကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။ 

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတက္ကသိုလ် ငါးခုသာ (တပ်မတော် ဆေးတက္ကသိုလ်ပါ ပေါင်းလျှင် ခြောက်ခု) ရှိသည်။ ယင်းတက္ကသိုလ်များမှာ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊  မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်၊ တောင်ကြီး ဆေးတက္ကသိုလ်တို့ဖြစ်သည်။ ယင်းတက္ကသိုလ်များသည်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဆေးသိပ္ပံပညာ ဦးစီးဌာနလက်အောက်တွင် ရှိသည်။

မြဇာခြည်သင်း



FOLLOW US