News

POST TAGGED AS

ဆော်ဒီအာရေဗျ

ယီမင်ရှိဟော်တီသူပုန်များ ဆော်ဒီအာရေဗျကို ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်၊ ဆော်ဒီအရပ်သားသုံးဦး သေဆုံး


ရီယတ်၊ ဇွန် ၁၀

ယီမင်နိုင်ငံရှိ ဟော်တီသူပုန်များက ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းဆော်ဒီ အာရေဗျနိုင်ငံတောင်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သားသုံးဦး သေဆုံးသွားကြောင်း ဆော်ဒီနိုင်ငံပိုင် ရုပ်သံမီဒီယာက ဖော်ပြသည်။ 

ယင်းဒုံးကျည်သည် ဆော်ဒီနှင့် ယီမင်နယ်စပ်ဒေသ (ဆော်ဒီအာရေဗျ တောင်ပိုင်း) ရှိဂျီဇန်ပြည်နယ်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဆော်ဒီအာရေဗျနိုင်ငံသား အရပ်သားသုံးဦး သေဆုံးသွားသည်ဟု အာဏာပိုင်များကအတည်ပြု ပြောကြားသည်။ 

ယီမင်ရှိဟော်တီသူပုန်များသည် ပြီးခဲ့သည့် မေလကလည်း ဆော်ဒီအာရေဗျ၏ မြို့တော်ရီယတ်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့က ဆော်ဒီ၏ စီးပွားရေးပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ 

ယီမင်နိုင်ငံ၏ မြို့တော် ဆာနားအပါအဝင် နယ်မြေအတော်များများကို ထိန်းချုပ်ထားပြီး အီရန်နိုင်ငံနှင့် မဟာမိတ်ဖွဲ့ထားသည့် ဟော်တီသူပုန်များသည် လတ်တလောလများအတွင်း ဆော်ဒီဘုရင့်နိုင်ငံသို့ ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ယီမင်နိုင်ငံတွင်း သုံးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် စစ်မက်ပဋိပက္ခများသည် ယခုအခါ ဆော်ဒီအာရေဗျနှင့် အီရန်အကြားက တစ်ဆင့်ခံ တိုက်ပွဲတစ်ရပ်သဘောမျိုး ဆောင်လာသည်။ 

အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုးမှုရရှိထားသော ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှာ ဟော်တီသူပုန်များကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ ၎င်း ညွန့်ပေါင်းတပ်ဖွဲ့သည် ရီယတ်မြို့၌ ပြည်ပြေးဘဝဖြင့် လက်ရှိနေထိုင်လျက်ရှိသော ယီမင်သမ္မတ အက်ရာဘူမန်ဆော၏ အစိုးရကိုယ်စား ဟော်တီသူပုန်များကို တိုက်ခိုက်ပေးနေခြင်းလည်းဖြစ်သည်။ 

လက်ရှိအနေအထားတွင် ယီမင်နိုင်ငံတွင်း လုံခြုံမှုမရှိတော့သလို အန္တရာယ်များ တိုးပွားလာခြင်းကြောင့် နိုင်ငံတကာလခြမ်းနီအဖွဲ့ (ICRC) က ဝန်ထမ်းပေါင်း ၇၁ ဦးကို ပြန်လည်ခေါ်ထုတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။ 

(ICRC) ၏အဆိုအရ ယီမင်နိုင်ငံတွင် စစ်မက်ပဋိပက္ခများကြောင့် လုံခြုံရေးအာမခံချက် မရှိတော့ကြောင်း၊ ရေကောင်းရေသန့်၊ အစားအစာနှင့် ဆေးဝါးကုသမှုများ ထောက်ပံ့ပေးနိုင်သည့် အနေအထားလည်း မရှိတော့ကြောင်းသိရသည်။ 

ကုလသမဂ္ဂ၏ လတ်တလောထုတ် ဖော်ပြောဆိုချက်အရ ယီမင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို အဆိုးရွားဆုံးအနေအထားဖြင့် ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်ပြီး ယီမင်နိုင်ငံသား ၂ ဒသမ ၂ သန်းခန့်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။  

F-01




FOLLOW US