News

POST TAGGED AS

ဆော်ဒီအာရေဗျ

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း နည်းပြချုပ် ဦးဌေးမြင့်နှင့်တွေ့ဆုံခြင်း


“ပထမဆုံးကစားရတဲ့ အာရှပွဲလည်းဖြစ် အုပ်စုကျပ်ထဲလည်း ရောက်နေတော့ အစွမ်းအစရှိသလောက် ကြိုးစားရမှာပါ”

အာရှချန်ပီယံရှစ် ဖူဆယ်ပြိုင်ပွဲကို တရုတ် (တိုင်ပေ) နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ မြန်မာဖူဆယ်အသင်းအနေနှင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့် ရခဲ့တာကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း ကျိုက္ကဆံလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ပြင်ဆင်နေပြီ ဖြစ်သည်။ မြန်မာအသင်းအနေနှင့် နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် ရှိနေသော်လည်း အဓိကကစားသမားအချို့ အနားယူခဲ့တာကြောင့် အသင်းနည်းပြချုပ် ဦးဌေးမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

Voice : ပထမဆုံးအနေနဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်မှုအခြေအနေက။
UHM : နောက်ဆုံးကစားခဲ့တဲ့ အာဆီယံပွဲက ကစားသမားတွေရယ်၊ ပဏာမအဆင့် ရွေးချယ်ခံရတဲ့ ကစားသမားတွေဆိုတော့ လက်ရှိမှာ ကစားသမား ၁၈ ဦးနဲ့ ကျိုက္ကဆံကွင်းမှာပဲ လေ့ကျင့်ပြင်ဆင်နေပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ ကျွန်တော်တို့အဖွဲ့ ထိုင်းနိုင်ငံမှာ ပူးတွဲလေ့ကျင့်မှုတွေ သွားလုပ်ပါမယ်။

Voice : အဲဒီမှာ ဘယ်လောက်လောက်ကြာမလဲ။ ခြေစမ်းပွဲ ဘယ်နှပွဲလောက် ကစားဖို့ရှိမလဲ။
UHM : ကျွန်တော်တို့အဖွဲ့ ထိုင်းမှာ ၃ ရက်နေ့ကနေ ၁၁ ရက်နေ့အထိနေမယ်။ အဲ့ဒီမှာ ကလပ်အသင်းနှစ်သင်းနဲ့ နှစ်ပွဲကစားမယ်။ ကလပ်အသင်းဆိုပေမယ့် ခြေစွမ်းကောင်းတဲ့ အသင်းတွေပါ။ နောက်ပြီး ထိုင်းလက်ရွေးစင်အသင်းနဲ့လည်း နှစ်ပွဲကစားဖို့ရှိတယ်။

Voice : ကမ္ဘာ့အဆင့်ရောက်နေတဲ့ ထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲကစားခွင့်ရမယ့် အနေအထားက မြန်မာအသင်းအတွက် ဘယ်လောက်ထိ အထောက်ကူပြုနိုင်မလဲ။ 
UHM : အများကြီး အထောက်ကူ ဖြစ်စေပါတယ်။ သူတို့လည်း ပြိုင်ပွဲအတွက် ပြင်ဆင်နေသလို ကိုယ်တွေကလည်း ပြင်ဆင်နေတဲ့အတွက် အများကြီး လေ့လာခွင့်ရမယ်။ 

Voice : ဒီခရီးစဉ်အပြီးမှာ ပြင်ဆင်မှုတွေ ထပ်လုပ်ဖို့ရှိမလား။ ပြိုင်ပွဲအတွက် ကစားသမားရွေးချယ်မှုတွေ လုပ်မှာလား။
UHM : ထိုင်းခရီးစဉ်က ပြန်လာရင်တော့ ပုံမှန်လေ့ကျင့်မှုတွေပဲ ဆက်လုပ်မယ်။ ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်မှ သွားမှာဆိုတော့ နီးတော့မှပဲ နောက်ဆုံးအဆင့် ကစားသမား ၁၄ ဦးကို ရွေးပါမယ်။

Voice : အာဆီယံပြိုင်ပွဲအပြီးမှာ အားထားရတဲ့ အဓိကကစားသမားအချို့ အနားယူသွားတယ်။ ဆိုတော့ အာရှအဆင့်ပြိုင်ပွဲမှာ အသင်းအတွက် အားနည်းချက်ရှိနိုင်သလား။
UHM : ဒီလိုပါပဲ။ ကစားသမားဆိုတာကတော့ အပြောင်းအလဲတွေ အမြဲတမ်းရှိနိုင်ပါတယ်။ အခုလည်း မိသားစုအရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိလို့ အနားယူသွားတော့ နားလည်မှုပေးရမှာပေါ့။ အသင်းခေါင်းဆောင် အောင်အောင်အနေနဲ့ အသင်းကိုဦးဆောင်နေပြီး အကောင်းဆုံးဖြစ်နေချိန်မှာဆိုတော့ နှမြောတာပေါ့။ ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း လူငယ်တွေကို အစားထိုးနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

Voice : အသင်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တယ်၊ ပြိုင်ပွဲကလည်း တစ်လကျော်လိုသေးတယ်ဆိုတော့ သူ့ကိုပြန်ကစားဖို့ တိုက်တွန်းတာမျိုးရှိလား။
UHM : ကျွန်တော်တို့အနေနဲ့ သူရဲ့မိသားစုကိစ္စပြီးလို့ ခြေစမ်းခရီးစဉ်အပြီးမှာ ပြန်ပြီးပူးပေါင်းချင်တယ်ဆိုရင် လက်ခံဖို့ပါပဲ။ ဘာလို့လည်းဆိုတော့ အသင်းခေါင်းဆောင်လဲဖြစ်တယ်။ စည်းကမ်းလဲရှိတယ်။ အားကိုးရတဲ့ ကစားသမားဖြစ်တဲ့အတွက် အမြဲတခါးဖွင့်ထားပါတယ်။

Voice : လက်ရှိကစားသမားတွေနဲ့အတူ အာဆီယံအဆင့်ပွဲတွေမှာ အောင်မြင်မှုတွေ ရခဲ့တာဆိုတော့ အာရှအဆင့်ပြိုင်ပွဲမှာ ဘယ်လောက်မျှော်လင့်ထားသလဲ။
UHM : ကျွန်တော်တို့အနေနဲ့ အရမ်းကြီးတော့ မှန်းလို့မရဘူး။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားမယ်။ ပထမဆုံးကစားရတဲ့ အာရှပွဲလည်းဖြစ် အုပ်စုကျပ်ထဲလည်းရောက်နေတော့ အစွမ်းအစရှိသလောက် ကြိုးစားရမှာပါ။ အမြင့်ကြီးမှန်းလို့မရပေမယ့် အစွမ်းကုန်တော့ကြိုးစားမှာပါ။

Voice : ပြိုင်ပွဲမှာဆုံရမယ့် အသင်းတွေရဲ့ အခြေအနေကရော။
UHM : အီရန်ဆိုတာကလည်း ကမ္ဘာ့အဆင့်ရှိတဲ့အသင်းပဲ။ ကမ္ဘာ့မှာတောင် ထိပ်သီးအဆင့်ရှိတဲ့အသင်းပါ။ အီရတ်ကလည်း သူ့လိုပဲ ခက်ခဲမယ့်အသင်းပဲ။ တရုတ်ကတော့ မတိမ်းမယိမ်းပါပဲ။ အီရန်နဲ့အီရတ်ကိုတော့ ဘယ်လိုမှ ယှဉ်ကစားဖို့မလွယ်ဘူး။

Voice : အာရှအဆင့်ပြိုင်ပွဲဖြစ်တဲ့အပြင် ပထမဆုံးအကြိမ် ကစားခွင့်ရထားတာဆိုတော့ မြန်မာအသင်းအတွက် ခက်ခဲတဲ့အနေအထားမှာ ရှိမှာပါ။ ပရိသတ်တွေကတော့ ဘယ်ပွဲမဆို အနိုင်ရချင်တဲ့ဆန္ဒရှိတော့ ကစားသမားတွေ ဖိအားဖြစ်စေမယ့် အားပေးမှုမျိုး မကြုံရအောင် ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။
UHM : ဒီပွဲက အာရှအဆင့်ဖြစ်တဲ့အပြင် ဖူဆယ်သမိုင်းတစ်လျှောက် ပထမဆုံးကစားရမယ့်ပွဲ။ ပရိသတ်တွေအနေနဲ့ အားပေးစေချင်တယ်။ အများကြီးလည်း မှန်းလို့မရပါဘူး။ တကယ်လို့များ ပရိသတ်တွေ ထင်ထားတဲ့အတိုင်း မဖြစ်လာခဲ့ရင် နားလည်ပေးကြဖို့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်။

စည်သူအောင်မျိုးကျော်




FOLLOW US