News

POST TAGGED AS

ဆောင်းရာသီ

27-Jul-2018

ပဲ ဆောင်းရာသီ
မတ်ပဲနှင့် ပဲစင်းငုံအစား အခြားသီးနှံ ပြောင်းစိုက်ရန် အစိုးရတိုက်တွန်းမည်
ရန်ကုန်၊ ဇူလိုင် ၂၆

လာမည့်ဆောင်းရာသီ ပဲစိုက်ရာသီမှစ၍ မတ်ပဲနှင့် ပဲစင်းငုံအစား အခြားဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတင်းထုတ်ပြန်၍ တိုက်တွန်းလှုံ့ဆော်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။

ဈေးကွက်လိုအပ်ချက်အရ ဈေးအရနည်း၍ တောင်သူနှင့် ကုန်သည်များအတွက် အကျိုးမရှိသည့် မတ်ပဲအစား ပဲတီစိမ်း၊ ပဲပုပ်နှင့်ပြောင်း စသည့်ဈေးကွက်ဝင် သီးနှံများကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးရန် တိုက်တွန်းလှုံ့ဆော်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

“အိန္ဒိယနိုင်ငံရဲ့ ပဲအထွက်နှုန်းက ၂၀၁၇-၁၈ တုန်းက တန်ချိန် ၂၃ သန်းကျော် ထွက်တယ်။ ပြည်တွင်းက ပဲစင်းငုံနဲ့ မတ်ပဲရဲ့အခြေအနေက အိန္ဒိယနိုင်ငံကိုပဲ မှီခိုနေရတယ်။ အခုအနေအထားအရ ဒီပဲနှစ်မျိုးက ဈေးကောင်းကောင်းရဖို့ အခြေအနေမရှိဘူး။ အိန္ဒိယရာသီဥတုက တချို့က ကောင်းတယ်ပြောတယ်။ တချို့က မကောင်းဘူး ပြောကြတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲစင်းငုံ ၉၀ ရာခိုင်နှုန်းနှင့် မတ်ပဲ ၇၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ မှီခိုနေရပြီး အိန္ဒိယနိုင်ငံတွင် မတ်ပဲနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်ခြောက်သိန်းခန့် ပေါက်ဈေးရှိသော်လည်း အိန္ဒိယပဲကုန်သည်များ ပြည်တွင်းသို့ လာရောက်ဝယ်ယူပါက တစ်တန်လျှင် ကျပ်လေးသိန်းခန့်ဖြင့်သာ ဈေးလျှော့ဝယ်ယူနေကြကြောင်း ပဲကုန်သည်များထံမှသိရသည်။

အိန္ဒိယကုန်သည်များ ဈေးလျှော့ ဝယ်ယူမှုနှင့်ပတ်သက်၍ ပြည်တွင်းကုန်သည်များအနေနှင့် အရေးပေါ်လိုအပ်နေသူကိုသာ ရောင်းချပေးရန်နှင့် ဈေးကွက်ထဲတွင် ပဲများပုံနေပါက ဈေးလျှော့ဝယ်ယူ ခံရနိုင်ပြီး မတ်ပဲနှင့် ပဲစင်းငုံမှာ အိန္ဒိယနိုင်ငံ၏ ပဲအထွက်နှုန်းနှင့် ရာသီဥတုအပေါ်မူတည်၍ ဈေးကောင်းရရှိရန် မသေချာသောကြောင့် အခြားဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် တိုက်တွန်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။ 

“ပခုက္ကူဘက်မှာက ပဲပုပ်ကို စိုက်လေ့စိုက်ထကို မရှိဘူး။ နိုင်ငံတကာ ကုန်သွယ်ရေးဈေးကွက်အရ အစိုးရကတော့ ဘာစိုက်ဆိုပြီး အသိပေးသင့်ပါတယ်။ အစိုးရဘက်က တွန်းအားပေးတာလေးပါတော့ ဈေးကွက်လည်း ရွေ့သွားမှာပါ။ ဘာစိုက်ဆိုပြီး တပ်အပ်သေချာကြီး ပြောဖို့လည်း ခက်တာကိုး။ လွဲသွားရင်လည်း ဌာနအပေါ် တာဝန်ကျသွားမှာ”ဟု ပခုက္ကူမှ ပဲစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးတင်လှက ပြောဆိုသည်။

J-11



FOLLOW US