News

POST TAGGED AS

ဆောင်းရာသီ

06-Jun-2018

ဈေးကွက် ပဲ
ပဲတစ်တန် တစ်သိန်းခွဲကျော် ဈေးတက်
ရန်ကုန်၊ ဇွန် ၅

မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ယင်းပဲများတစ်တန်လျှင် အနည်းဆုံး ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးတက်ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

မေလပထမပတ်ကထက် မတ်ပဲတစ်တန်လျှင် ကျပ် ၁၆၀,ဝ၀၀ မှ ၁၇၀,ဝ၀၀ ကျော်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၁၉၀,ဝ၀၀ ခန့်အထိ ဈေးတက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

“အိန္ဒိယပိုဝယ်လာရင် ဒီထက်ဈေး ပိုမြင့်လာနိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကနှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တန်လျှင် ကျပ် ၄၀,ဝ၀၀ မှ ၇၀,ဝ၀၀ ခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ၄၀,ဝ၀၀ နီးပါးဈေးတက်ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ 

လတ်တလော အိန္ဒိယနိုင်ငံသို့ တစ်ရက်လျှင် မတ်ပဲနှင့် ပဲစင်းငုံတန်ချိန် ၆၀၀ မှ ၁၀၀၀ ခန့်အထိတင်ပို့နေရပြီး ယင်းပမာဏထက် ပိုမိုများပြားလာမည်ဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန်တစ်သိန်းခွဲစီဝယ်မည်ဟု မေလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ပဲစင်းငုံကို တန်ချိန်နှစ်သိန်း ဝယ်ယူရန်အပြင် ဇွန်လ ၁ ရက်နေ့မှ ဩဂုတ် ၃၁ ရက်နေ့အတွင်း ယင်းပဲများအားလုံးကို ဝယ်ယူမည်ဆိုသည့် အသေးစိတ်ထုတ်ပြန်ချက်ကို အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပဲဈေးမြင့်တက်ခဲ့ပြီး ယခုအခါထပ်မံ၍ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၅၄၃,ဝ၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၉၃,ဝ၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၅၃၀,ဝ၀၀ ဈေးရှိပြီး ပြည်ပပို့ဈေး (FOB)နှုန်းမှာ မတ်ပဲ (FAQ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀-၄၁၀၊ မတ်ပဲ (SQ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀-၅၁၀ နှင့် ပဲစင်းငုံတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀-၄၁၀ ဈေးရှိကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US