News

POST TAGGED AS

ဆောင်းရာသီ

ဆောင်းရာသီလေပြင်းမုန်တိုင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင် ရာသီဥတုဆိုးဝါး


နယူးယောက်၊ မတ် ၃

အမေရိကန်ပြည်ထောင်စုတွင် ဗာဂျီးနီးယားမှ မိန်းအထိရှည်လျားသော အရှေ့ဖက်ကမ်းရိုးတန်းတွင် သောကြာနေ့က အင်အားပြင်းမုန်တိုင်း ဝင်ရောက်မှုကြောင့် ဈေးဆိုင်များ၊ စာသင်ကျောင်းများပိတ်ထားရပြီး ခရီးသွားဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

မုန်တိုင်းကြောင့် အနည်းဆုံး ငါးဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက် လေးဦးမှာ လေပြင်းကြောင့်လဲကျသော သစ်ပင်၊ သစ်ကိုင်းများပိကာ သေဆုံးရခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် ဓာတ်အားလိုင်းများလည်း ပျက်စီးသွားခဲ့ပြီး လူပေါင်း ၁ ဒသမ ၆ သန်းခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကြုံတွေ့လျက်ရှိသည်။

ရာသီဥတုဆိုးဝါးမှုကြောင့် နယူးယောက်ပြည်နယ် အထက်ပိုင်းနှင့် ပင်ဆယ်ဗေးနီးယားပြည်နယ် နေရာအချို့တွင် နှင်းထု ၁၈ လက်မအထိ ကျရောက်ခဲ့သည်။ နယူးယောက်ရှိ လေဆိပ်များရှိ လေယာဉ်ခရီးစဉ်များလည်း ရပ်ဆိုင်းသွားခဲ့သည်။ အိုဟိုင်းယိုးပြည်နယ် နေရာအနှံ့တွင်လည်း နှင်းများထူထပ်စွာကျဆင်းခဲ့သည်။

လေပြင်းကြောင့် လဲကျခဲ့သော သစ်ပင်များနှင့် ဆီးနှင်းများကြောင့် ကားလမ်းများလည်း ပိတ်ဆို့သွားခဲ့သည်။ 

မက်ဆာချူးဆက်ကမ်းခြေတွင် နှစ်ထပ်တိုက်ထက်မြင့်သော လှိုင်းလုံးများ ဝင်ရောက်ခဲ့ပြီးဘော့စတွန်မြို့ ကမ်းခြေတစ်လျှောက် လမ်းများကိုလည်း ရေလွှမ်းသွားခဲ့သည်။ ဘော့စတွန်တောင်ဘက် ကွင်ဆီတွင် ရေလွှမ်းမှုကြောင့် ကားများ၊ အိမ်များထဲတွင် ပိတ်မိနေသူများကိုရဲများက ကယ်ဆယ်ခဲ့ရသည်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၈၀ နှုန်းအထိ ရှိခဲ့သည်။ နယူးယောက်ရှိအစိုးရရုံးများကိုလည်း ရာသီဥတုဆိုးဝါးမှုကြောင့် တစ်နေကုန် ပိတ်ထားခဲ့ရသည်။ လေပြင်းကြောင့် ရိုဒီကျွန်းမှ တံတားပေါ်တွင် ကုန်တင်ကားတစ်စီးနှင့် နယူးယောက် တာပင်ဇီတံတားပေါ်တွင် နောက်တွဲယာဉ်တစ်စင်းလဲကျ တိမ်းမှောက်ခဲ့သည်။

သို့ရာတွင် ဝါရှင်တန်ဒီစီလေဆိပ်တစ်ခုတွင်မူ ခရီးသည်များတင်ဆောင်လာသော လေယာဉ်တစ်စင်း ဘေးကင်းရန်ကင်း ဆင်းသက်နိုင်ခဲ့သည်ဟုဆိုသည်။

ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ရပ်ဖ်နော်သန်က ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။ 

ရာသီဥတုအခြေအနေ ဆိုးဝါးမှုသည် သောကြာနေ့ညကို ကျော်လွန်ကာ စနေနေ့အထိ ဖြစ်ပေါ်နေဦးမည်ဟု ခန့်မှန်းထားကြသည်။

F-04



FOLLOW US