News

POST TAGGED AS

ဆောင်းရာသီ

ဆောင်းရာသီ အိုလံပစ်ပိတ်ပွဲ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးနှင့် အီဗန်ကာထရမ့် တက်ရောက်၊ တောင်-မြောက် နှစ်နိုင်ငံ သီးခြားစီ ချီတက်


ဆိုးလ်၊ ဖေဖော်ဝါရီ ၂၆

တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းတွင်ကျင်းပသော သံတမန်ရေးလွှမ်းမိုးသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ အငြင်းပွားဖွယ် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။

VIP ပွဲကြည့်စင်နေရာကို ခဏတာရိုက်ကူးထားခဲ့သည့် ဗီဒီယိုဖိုင်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ထရမ့်၏သမီး အီဗန်ကာနှင့် ဦးစွာလက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် မြောက်ကိုရီးယားဗိုလ်ချုပ်ကြီး ကင်ယုံချိုလ်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့ပုံကို တွေ့မြင်ခဲ့ရသည်။ မြောက်ကိုရီးယားသည် အမေရိကန်နှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း ကင်ယုံချိုလ်က တောင်ကိုရီးယားကို ကြားခံအသိပေးခဲ့သည်။

တောင်ကိုရီးယား သမ္မတကတော်၏ဘေးတွင် ထိုင်ခဲ့သူအီဗန်ကာသည် သူ့နောက်ခုံတန်းမှ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးနှင့် စကားပြောဆိုဆက်ဆံမှုမျိုးမရှိခဲ့ဟု အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ 

မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးနှင့်နှစ်ခုံကျော်တွင် တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ဗင်းစင့်ဘရွတ်ခ်စ် ထိုင်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင်လည်း အမေရိကန်ဘက်မှ ဦးဆောင်တက်ရောက်သူ ဒုတိယသမ္မတ မိုက်ခ်ပင့်စ်သည် မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူကို မမြင်ဟန်ဆောင်ခဲ့ပြီး စကားပြောဆို ဆက်ဆံခြင်းမရှိခဲ့ပေ။

ကင်ယုံချိုလ်ဦးဆောင်သည့် ရှစ်ဦးကိုယ်စားလှယ်အဖွဲ့သည် စစ်မဲ့ဇုန်ကိုဖြတ်သန်းပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အစောပိုင်းတွင် ဆိုးလ်မြို့သို့ ရောက်ရှိလာခဲ့သည်။ 

ကင်ယုံချိုလ်သည် ယခင်က တောင်ကိုရီးယားအပေါ် တိုက်ခိုက်မှုများတွင် နောက်ကွယ်မှကြိုးကိုင်ခဲ့သူအဖြစ် ထင်ရှားရာ ၎င်းကို ဒေါသတကြီး ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပွားခဲ့သည်။

ပြုံချမ်းတွင်ပြုလုပ်မည့် ပိတ်ပွဲမစမီ ကင်ယုံချိုလ်သည် သမ္မတမွန်နှင့် တစ်နာရီခန့်တွေ့ဆုံခဲ့သည်။ ယမန်နှစ်က ဒုံးကျည်စမ်းသပ်မှု အမြောက်အမြားပြုလုပ်ပြီး နိုင်ငံတကာကိုဖီဆန်ခဲ့သည့် မြောက်ကိုရီးယားသည် အမေရိကန်နှင့် ကြိုတင်သတ်မှတ်မှုများမထားဘဲ ဆွေးနွေးလိုကြောင်း ယခင်ကတည်းက ဆန္ဒပြုခဲ့ဖူးသည်။

သို့သော်လည်း နျူလက်နက်ဖျက်သိမ်းရေးဆီသို့ ဦးတည်မှသာဆွေးနွေးမည်ဟု အမေရိကန်ဘက်က ၂၅ ရက်နေ့တွင်ပင် ပြန်လည်တုံ့ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံ ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့သည်။ ယခုပိတ်ပွဲတွင်လည်း ဗိုလ်ချုပ်ကြီးကင်ယုံချိုလ်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ 

မြောက်ကိုရီးယားသည် တောင်ကိုရီးယား၌ကျင်းပသော ကျင်းပသောဆောင်း ရာသီအိုလံပစ်တွင် တက်ကြွစွာပါဝင်ခဲ့ပြီး အားကစားအဖွဲ့များ စေလွှတ်ခဲ့သည့်အပြင် အားပေးလှုံ့ဆော်သည့်အဖွဲ့ကိုပါ စေလွှတ်ခဲ့ပြီး တောင်ကိုရီးယားနှင့် သံတမန်ရေး ကောင်းမွန်စေရန် ကြိုးပမ်းခဲ့သည်။

နှစ်နိုင်ငံပူးတွဲ ရေခဲပြင်ဟော်ကီ အသင်းဖွဲ့စည်းပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ဖွင့်ပွဲတွင်လည်း နှစ်နိုင်ငံပူးတွဲချီတက်ခဲ့ကြသည်။ ပိတ်ပွဲတွင်မူ သီးခြားစီချီတက်ခဲ့ကြသော်လည်း နှစ်နိုင်ငံပေါင်းစည်းရေးအလံနှင့် သက်ဆိုင်ရာနိုင်ငံ အလံနှစ်ခုတွဲ၍ ကိုင်ဆောင်ချီတက်ခဲ့ကြသည်။

တားမြစ်ဆေးသုံးစွဲမှုကြောင့် ပိတ်ပင်ခံထားရသော ရုရှားအိုလံပစ်အသင်းမှာ နိုင်ငံအလံမတပ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော်လည်း ရုရှားကစေလွှတ်ခဲ့သော အားကစားသမား ၁၆၈ ဦးတွင် နှစ်ဦးဆေးထပ်ကျခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ကျန်ကစားသမား ၁၆၆ ဦးစလုံး တားမြစ်ဆေးအောင်မှသာ ရုရှားနိုင်ငံအဖြစ် ယှဉ်ပြိုင်ခွင့် ပြန်လည်ခွင့်ပြုပေးမည်ဟု ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ 

ရုရှားရေခဲပြင် ဟော်ကီအသင်းသည် ပိတ်ပွဲနေ့တွင်ကျင်းပသော ဗိုလ်လုပွဲတွင် ဂျာမနီကိုအနိုင်ရပြီး ဗိုလ်စွဲခဲ့သော်လည်း အလံလွှင့်ထူခွင့် မရခဲ့ပေ။ သို့သော်လည်း ရုရှားကစားသမားများက နိုင်ငံတော်သီချင်းကို ကျယ်လောင်စွာ သီဆိုအောင်ပွဲခံခဲ့ကြသည်။  
 
F-03



FOLLOW US