News

POST TAGGED AS

ဈေး

06-May-2017

ဈေး
တီးတိန်မြို့ရှိ စည်ပင်ဈေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၁၃ ခန်း ပျက်စီး
ကလေး၊ မေ ၆

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းရှိ စည်ပင်ဈေး မီးလောင်ကျွမ်းရာမှ ဆိုင်ခန်း ၁၃ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း တီးတိန်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရမ်လျန်ဆွမ်းက ပြောသည်။

တီးတိန်မြို့ လွယ်ဘွာယ်းရပ်ကွက် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း အနီးရှိ ဆိုင်ခန်း ၁၉ ခန်း တွဲရှိသော မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင်ဈေးတွင် မေလ ၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ် အချိန်မှ စတင်ကာ ၁ နာရီခန့်အကြာ လောင်ကျွမ်းခဲ့သည့်မီးကြောင့် ဈေးဆိုင်ခန်း ၁၃ ခန်း မီးလောင်ပျက်စီးခဲ့ပြီး လူများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဈေးရှိ ကိုရှန်လျန်တုန်း အသက် (၂၃) နှစ် (ဘ) ဦးခုပ်ခန့်ပေါင်၏ ဆိုင်ခန်းအတွင်း ရေနွေးအိုး တည်ထားသည့် မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ကျပ်သိန်း ၉ သိန်း တစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၄င်းက ရှင်းပြသည်။

“အဲ့ဒီနေရာမှာက စည်ပင်ဈေးတန်းလျားဆိုတော့ အကြော်ရောင်းတဲ့သူတွေ အသားနဲY သီးနှံရောင်းတဲ့ သူတွေနေတဲ့နေရာက လောင်ကျွမ်းခဲ့တာပါ။ ဒီဈေးက ၂၀၀၀ ခုနှစ်လောက်က စတင်တည်ဆောက်ထားတဲ့ဈေး ဖြစ်ပါတယ်” ဟု တီးတိန်မြို့ ဒေသခံတစ်ဦးဖြစ်သည့် ဦးမုံရှန်းတွောင်က ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ တီးတိန်မြို့ မြို့မရဲစခန်းမှ ကိုရှန်လျန်တုန်းကို အမှုဖွင့်အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဓာတ်ပုံ - Nung Sian Tuang
R - 20



FOLLOW US