News

POST TAGGED AS

ဈေး

26-Feb-2017

ဈေး
ဈေးတက်မည့် ကုန်စည်
လာမည့် ဧပြီလ ၁ ရက် နောက်ပိုင်း ဈေးတက်နိုင်သည့် ကုန်ပစ္စည်းများ အရင်လို မဟုတ်ပါ။ သင်္ကြန်ကာလ ရောက်သောအခါ သုံးစွဲမှုများ၍ ပုံမှန်အားဖြင့် ဈေးတက်လေ့ ရှိသည့် ကုန်ပစ္စည်းများမှာ အရက်အမျိုးမျိုးနှင့် အခြေခံ စားသောက်ကုန်စည်များ ဖြစ်သည်။ ယခုလာမည့် သင်္ကြန်ကာလတွင်မူ ဈေးတက်နိုင်သည့် ကုန်စည်များတွင် ထိုကုန်စည်များ သာမက မော်တော်ယာဉ်များလည်း ပါဝင်သည်။ 

ယင်းသို့ ဈေးတက်နိုင်ခြင်းမှာ လွှတ်တော်ထဲတွင် ဆွေးနွေးလျက် ရှိသည့် ဥပဒေတစ်ရပ်ကြောင့် ဖြစ်သည်။ ယင်းဥပဒေကို ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဟု ခေါ်သည်။ ယင်းဥပဒေထဲတွင် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် အထူးကုန်စည်ခွန်တို့လည်း ပါဝင်ရာ အရက်၊ ဘီယာ၊ စီးကရက်နှင့် မော်တော်ယာဉ်များမှာ အထူးကုန်စည်ခွန်ကြောင့် ယေဘုယျအားဖြင့် ဈေးနှုန်းများ မြင့်တက်နိုင်ဖွယ် ရှိသည်။ 

အထူးကုန်စည်ခွန် ဆိုသည်မှာ ကုန်ပစ္စည်းအချို့ကို ဥပဒေ သတ်မှတ်၍ အထူးအခွန် သတ်မှတ်ထားခြင်း ဖြစ်သည်။ ယင်းဥပဒေကို လက်ရှိ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်မှ စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့်ပင် အခွန်ငွေများလည်း တိုးတက်ရရှိလာခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင်လည်း အထူးကုန်စည်ခွန်ပါ ကုန်စည်များ၏ အခွန်နှုန်းထားကို ပြုပြင်ထားခဲ့သည်။

မော်တော်ယာဉ် 

သမ္မတဦးသိန်းစိန် လက်ထက်မှစ၍ ကားတင်သွင်းခွင့်များ ခွင့်ပြုပြီးနောက်တွင် ယနေ့တိုင် ယာဉ်မူဝါဒများမှာ တစ်နေ့တစ်မျိုး မရိုးနိုင်သေးပါ။ ယနေ့ NLD အစိုးရ လက်ထက်တွင်လည်း ယာဉ်မူဝါဒများမှာ အမျိုးမျိုး ပြောင်းလဲလျက်ရှိသည်။ 

၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၁၈၀၀ စီစီ အထက် ဗင်ယာဉ်၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန်အမျိုးအစား မော်တော်ယာဉ်များကို အထူးကုန်စည်ခွန်အဖြစ် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။ 

သို့သော်လည်း လာမည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အင်ဂျင်ပါဝါ ၂၀၀၀ စီစီအထိ မော်တော်ယာဉ်များမှ အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း ဆောင်ရတော့မည် ဖြစ်သည်။ အထူးကုန်စည်ခွန်ကိုလည်း ဆိပ်ကမ်းအရောက် တန်ဖိုးပေါ်တွင် မူတည်ကောက်ခံမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  ပြောကြားထားသည်။

လူသုံးများလျက် ရှိသည့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီယာဉ်များမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာခုနှစ်တွင် အထူးကုန်စည်ခွန် မဆောင်ရသော်လည်း လာမည့် ဧပြီ ၁ ရက်မှစ၍ အထူးကုန်စည်ခွန် ၂၀  ရာခိုင်နှုန်း ဆောင်ရတော့မည် ဖြစ်သည်။

ယင်းကဲ့သို့ အထူးကုန်စည်ခွန် နှုန်းထားများ ပြောင်းလဲမှုကြောင့် အခွန်များစွာ ဆောင်ရမည် ဖြစ်ပြီး ယာဉ်ဈေးများမြင့် တက်လာနိုင်ကြောင်း Destinct Trading အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွဋ်ထိပ်က ဆိုသည်။ 

ထို့ပြင် ယာဉ်ဈေးများ မြင့်တက်လာနိုင်ခြင်းအတွက် အခြားသော အချက်တစ်ချက်လည်း ရှိသည်။ 

လက်ရှိယာဉ်တင်သွင်းသည့် စနစ်တွင် Free Permit နှင့် စလစ်ကပ်ဟူ၍ နှစ်မျိုး ရှိနေသည်။ ၂၀၁၇ ခုနှစ်တွင် ၂၀၁၁ မော်ဒယ်လ်မှ ၂၀၁၇ မော်ဒယ်လ်အတွင်း မည်သည့် မော်တော်ယာဉ်ကိုမဆို တင်သွင်းနိုင်သည်။ ၂၀၁၁-၂၀၁၄ မော်ဒယ်လ် မော်တော်ယာဉ်များကိုမူ ယခု ၂၀၁၇ ခုနှစ်တွင် စလစ်ကပ်၍ တင်သွင်းရမည် ဖြစ်သည်။ အရင်ကမူ Free Permit ဖြင့် တင်သွင်းခွင့် ပြုထားခြင်း ဖြစ်သည်။ 

ဆိုလိုသည်မှာ ယခင်က Free Permit ဖြင့် အလွတ်တင်သွင်းခွင့် ရခဲ့သည့် ၂၀၁၁-၂၀၁၄ မော်ဒယ်လ်မော်တော်ယာဉ်များကို ယခု ၂၀၁၇ ခုနှစ်တွင် စလစ်ကပ်၍ တင်သွင်းရမည် ဖြစ်သည်။ 

“စလစ်တစ်စောင်ကို ဒီနေ့ပေါက်ဈေး ၁၁၇ သိန်းရှိတယ်။ ခုလောလောဆယ် ၁၃၀ နဲ့ရောင်းတာကို ၁၁၇ သိန်း ထပ်ပေါင်းလိုက်။ ဒါဆို ၂၃၀ လောက် ဖြစ်သွားမယ်။ စလစ်ကပ်ရမှာ တစ်ခုတည်းနဲ့တင်  အဲဒီကားတွေက သိန်း ၂၀၀ ကျော်သွားပြီ” ဟု မော်တော်ယာဉ်ရေးရာ ဆောင်းပါးများ ရေးသားလျက်ရှိသူ ကိုအရည်ကြိုက ဆိုသည်။ 

ထို့ပြင် လာမည့် ပြည်တွင်းရှိ ကားများမှာ လာမည့် ဇွန်လတွင် ဝယ်ရောင်းများထံ၌ မရှိတော့ဘဲ ယာဉ်လိုအပ်ချက် ကြီးမားလာနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဈေးကအမြင့်မှာပဲ ရှိတယ်။ လုံးဝ မကျနိုင်ဘူး” ဟု ကိုအရည်ကြိုက ဆိုသည်။

အရက်၊ စီးကရက်နှင့် ဘီယာ

အထူးကုန်စည်ခွန်တွင် မော်တော်ယာဉ်များ သာမက အရက်အပေါ် ကောက်ခံသည့် အခွန်နှုန်းထားများကိုလည်း တိုးမြှင့်ထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အရက်သောက်သုံးမှုကို အခွန်မူဝါဒဖြင့် ထိန်းကျောင်းလိုခြင်းကြောင့်  ဖြစ်သည်။ 

ယခင်က အရက်တစ်လီတာ တန်ဖိုး ၅၀၀ ကျပ်အထိ တစ်လီတာ ၅၆ ကျပ်အစား ယခုအခါ အရက်တစ်လီတာ ၇၅၀ ကျပ် အထိကို ၉၁ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်သည်။ အရက်၊ ဘီယာတို့၏ အခွန်နှုန်းထားများမှာ တန်ဖိုးပေါ် မူတည်၍ အဆင့်လိုက် တိုးမြှင့်ထားသည်။ တစ်လီတာ အနည်းဆုံး ၉၁ ကျပ်မှ ၃၃၇၅ ကျပ်အထိ လည်းကောင်း၊ တစ်လီတာတန်ဖိုး ၂၀,၀၀၁ ကျပ်နှင့်အထက် ဆိုပါက တစ်လီတာ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းအထိ လည်းကောင်း အခွန်ဆောင်ရမည် ဖြစ်သည်။ 

အဆိုပါ အခွန်နှုန်းထားများမှာ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် အနည်းငယ် တိုးမြှင့်ထားသော အခွန်နှုန်းထားများလည်း ဖြစ်သည်။ အခွန်နှုန်း တိုးမြှင့်ခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။ 

“အခွန်နှုန်း တိုးမြှင့်လိုက်တိုင်း အထူးကုန်စည်ဈေး တိုးမြှင့်သွားမှာ ဖြစ်တဲ့အတွက် သောက်သုံးမှု လျော့ကျသွားစေသော်လည်း အမှန်တကယ် စွဲလမ်းပြီး သုံးစွဲသူများအတွက် အထူးကုန်စည်ဈေး  ကြီးမြင့်မှုကြောင့် အရည်အသွေး၊ အမျိုးအစားနှင့် စံချိန်စံညွှန်းမမီသော အရက်စီးကရက်များကို သုံးစွဲလာနိုင်ပြီး ကျန်းမာရေးအရ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်ကလည်း ပြည်တွင်းထုတ်ကုန်ဈေး မြင့်မားလာပြီး ဈေးကွက်အတွင်း တစ်ဖက်နိုင်ငံမှ ကုန်စည်များ ပိုမိုဝင်ရောက်လာနိုင်ပါတယ်” ဟု ၎င်းက ပြည်ထောင်စုလွှတ်တော်အတွင်း ပြောကြားခဲ့သည်။

ပုံ (၁) နှစ်အလိုက် အရက်ထုတ်လုပ်မှုမှ အခွန်ရရှိမှု (ကျပ်ဘီလီယံ)

မြန်မာနိုင်ငံတွင် အရက်ရောင်းချခွင့်အတွက် လိုင်စင်များချပေးသည့် စနစ်ရှိသည်။ အရက်သောက်သုံးမှု လျော့ကျရေးအတွက် လိုင်စင် ထပ်မံထုတ်ပေးခြင်း မရှိတော့ကြောင်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများက ကြေညာခဲ့ဖူးသည်။ သို့သော်လည်း ဝေဖန်သူများကမူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထပ်မံ လိုင်စင်ထုတ်ပေးခြင်း မရှိသော်လည်း ပြင်ပဈေးကွက်တွင် လိုင်စင်ငှားရမ်းသည့်စနစ် ပေါ်ပေါက်လျက် ရှိသည်ဟု ဆိုကြသည်။ 

ဝေဖန်သူများ၏ အဆိုအရ လိုင်စင်ဈေးနှုန်းသည် အဆမတန် မြင့်မားလျက် ရှိပြီး အရက်သောက်သုံးမှုကို လျော့ကျမသွားစေကြောင်း ဆိုကြသည်။ ၎င်းတို့၏ အဆိုအရ လိုင်စင်ဖြင့် တင်းကျပ်ခြင်းထက် အခွန်ကောက်ခံခြင်းဖြင့် ပိုမိုထိန်းကျောင်းရန် ဆန္ဒရှိကြသည်။

အရက်ထုတ်လုပ်ရောင်းချမှု အပေါ်မှ အခွန်ကောက်ခံ ရရှိငွေမှာ နှစ်စဉ် တိုးတက်လျက်ရှိသည်ကို ပုံ (၁) တွင် ဖော်ပြထားသည်။
 
“တကယ်တမ်းပြောရရင် အခွန်ကောက်လို့ အရက်သောက်နှုန်း လျော့မယ်ဆိုရင် ပိုကောက်စေချင်တယ်။ ခုတောင် တစ်ရွာလုံးက လူငယ်တွေ အရက်သမားချည်း ဖြစ်ကုန်သလားပဲ” ဟု ထန်းတပင်မြို့နယ်မှ ဦးရွှေလတ်က ဆိုသည်။

အထူးကုန်စည်ခွန် ဥပဒေတွင် ဘီယာအပေါ် ကောက်ခံသည့် အခွန် ၆၀ ရာခိုင်နှုန်းကိုမူ မပြောင်းလဲဘဲ ယခင်အတိုင်း ကောက်ခံမည် ဖြစ်သည်။ သို့သော်လည်း ဝိုင်အမျိုးမျိုးကိုမူ အခွန်တိုး၍ ကောက်ခံမည် ဖြစ်သည်။ 

စီးကရက်ရောင်းချမှုအပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်ကိုလည်း ယခု ၂၀၁၇ ခုနှစ်အတွက် အနည်းငယ် တိုးမြှင့်ထားသည်။ အလိပ် ၂၀ ပါ ကျပ်လေးရာတန် စီးကရက်တစ်ဘူးလျှင် တစ်လိပ် သုံးကျပ်နှုန်းမှ လေးကျပ်နှုန်း၊ အမြင့်ဆုံးကောက်ခံမှု အဖြစ် အလိပ် ၂၀ ပါ ၈၀၁ ကျပ်နှင့်အထက် စီးကရက် တစ်ဘူးလျှင် တစ်လိပ် ၁၅ ကျပ် နှုန်းမှ ၁၆ ကျပ်နှုန်းအထိ ပြောင်းလဲကောက်ခံမည် ဖြစ်သည်။ 

ရွှေနှင့် ကျောက်မျက် 

ကျောက်စိမ်းအရိုင်းထည်အတွက် ယခင် ၂၀ ရာခိုင်နှုန်းမှ ယခု ၁၅ ရာခိုင်နှုန်း၊ ပတ္တမြား၊ နီလာမြ အရိုင်းထည်အတွက် ယခင် ၂၀ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်း  အစရှိသဖြင့် အခွန်နှုန်းထားများ လျှော့ချထားသည်ကို အထူးကုန်စည်ခွန်တွင် တွေ့ရသည်။ 

ထို့ပြင် ပြည်သူများကြားတွင် စိတ်ဝင်တစား ဖြစ်နေသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ လက်ဝတ်ရတနာများတွင်  စွဲကပ်ထားသည့် ကျောက်စိမ်၊ ပတ္တမြား၊ နီလာ၊ မြ အချောထည်တို့အတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းကိုလည်း ယခုနှစ်တွင် မပြောင်းလဲဘဲ ကောက်ခံရန် လွှတ်တော်၌ ဆွေးနွေးနေပြီ ဖြစ်သည်။ 

ပုံ (၂) နှစ်အလိုက် ကျောက်မျက်ရတနာအခွန်ရရှိမှု (ကျပ်ဘီလီယံ)

သို့သော်လည်း ရွှေရောင်းချမှုအပေါ်တွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ငါးရာခိုင်နှုန်း ကောက်ခံရန် ယခင်က တင်ပြထားသော်လည်း ဥပဒေကြမ်းကော်မတီက တစ်ရာခိုင်နှုန်းဖြင့်သာ  အတည်ပြုခဲ့သည်။ 

အခွန်ဝန်ထုပ် ဝန်ပိုးကို လျှော့ချခြင်းအားဖြင့် တရားမဝင် ကျောက်မျက်မှောင်ခိုမှုများကို လျှော့ချရန် ရည်ရွယ်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ ကျောက်မျက်ရတနာများအပေါ် ကောက်ခံရရှိသည့် နှစ်အလိုက်အခွန်ငွေကို ပုံ (၂) တွင် ဖော်ပြထားသည်။

“ရွှေက အခွန် ၁ ရာခိုင်နှုန်း ဆိုရင်တော့ ဈေးမြင့်လာမှာ မဟုတ်ဘူး။ အဝယ်တော့ နည်းနည်းအေးသွားမယ်။ စားသောက်ဆိုင်မှာ ကောက်သလိုပေါ့” ဟု တိတ်စိန် ရတနာဆိုင်ပိုင်ရှင် ဦးဇော်အောင်က မှတ်ချက်ပြုသည်။ 

ထိုပြင် ပြီးခဲ့သည့်နှစ်များအတွင်း ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ အချောထည်တို့အတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင် ပေးဆောင်ရမည် ဖြစ်၍ ယင်းလုပ်ငန်းရှင်များ အတွက်မူ ပိုမိုအခက်အခဲ ရှိနိုင်မည် ဖြစ်သည်။

အရက်၊ စီးကရက်၊ ဘီယာ၊ ဝိုင်၊ ကျောက်မျက်အမျိုးမျိုးနှင့် ရွှေ၊ မော်တော်ယာဉ် အစရှိသည်တို့မှာ လုပ်ငန်းရှင်များနှင့် ပြည်သူအချို့က စိတ်ဝင်စားကြသည့် ကုန်စည်များ ဖြစ်သည်။ 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးလျက် ရှိသည်ကို ကြည့်လျှင် အထက်ပါ ကုန်စည်များအနက် မော်တော်ယာဉ်မှတစ်ပါး အခြားသော ကုန်စည်များမှာ ဈေးနှုန်းများစွာ ကြီးမြင့်နိုင်ခြေ မရှိသည်ကို တွေ့ရသည်။ 

အဆိုပါ ဥပဒေသည် လာမည့် ဧပြီလ ၁ ရက်မှစ၍ အသက်ဝင်မည် ဖြစ်ပြီး အပြောင်းအလဲ ကြီးမားလာမည့် မော်တော်ယာဉ်အတွက် ရောင်နီဦး မော်တော်ယာဉ် ရောင်းဝယ်ရေးမှ ဦးအောင်ဝင်းက ယခုလို ဆိုသည်။

“ဈေးနှုန်းကတော့ အခွန်ကောက်တဲ့ ရာခိုင်နှုန်းအတိုင်း တက်မှာပဲလေ။ နောက်ဆုံးတော့ သုံးစွဲသူပဲ ခံရမှာပေါ့”

ရဲနိုင်ဦး



FOLLOW US