News

POST TAGGED AS

ဈေး

03-Feb-2017

ရန်ကုန် ဈေး
ရန်ကုန်ညဈေးတန်း စားသုံးသူနည်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂

YBS ယာဉ်လိုင်းများ ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ကာ ပြည်သူများ ယာဉ်လိုင်းအခက်အခဲကြောင့် ညဈေးတန်းသို့ လာရောက်စားသုံးသူ နည်းပါးလာကြောင်း ညဈေးတန်းတွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များထံမှ စုံစမ်းသိရှိရသည်။

ညဈေးတန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ ဇန်နဝါရီလလယ်ထိ ဈေးရောင်းချသည့် လမ်းဘေးဈေးသည်များ အနေနှင့် ဈေးရောင်းကောင်းခဲ့သော်လည်း ဇန်နဝါရီလ ၁၆ ရက် နောက်ပိုင်းမှစ၍ ဈေးရောင်းချရမှု ထက်ဝက်ကျော်ခန့် ကျဆင်းနေကြောင်း ညဈေးတန်းမှ လမ်းဘေးဈေးသည်များက ပြောကြားသည်။

“အရင်က တစ်နေ့ နှစ်သောင်းဖိုးလောက် ရောင်းရရင် ခုဆိုငါးထောင်ရဖို့တောင် မနည်းရောင်းနေရတယ်။ YBS ယာဉ်တွေ ပြေးဆွဲတဲ့နေ့ကစပြီး ခရီးသည်တွေလည်း အိမ်ပြန်ရောက်ဖို့အတွက် လုံးပန်းနေရတော့ ညဈေးတန်းကို လာရောက်သူ နည်းသွားတယ်” ဟု ညဈေးတန်းတွင် ဈေးရောင်းချသူ ဒေါ်အေးအေးခိုင်က ဆိုသည်။

ညဈေးတန်းတွင် မြို့တွင်းလေးမြို့နယ်မှ အစားအသောက်နှင့် သစ်သီး ရောင်းချသည့် လမ်းဘေးဈေးသည်များကို အဓိက ရွှေ့ပြောင်းပေးခဲ့ပြီး အချို့ဈေးသည်များမှာ ဆိုင်နေရာ ကျဉ်းမှုကြောင့် အဆင်မပြေကြောင်း လမ်းဘေးဈေးသည် အချို့က ပြောကြားသည်။ 

“ပေးထားတဲ့ ဆိုင်ခန်းတွေက နေရာကျဉ်းတော့ ရောင်းရတာ အဆင်မပြေဘူး။ အဆင်မပြေတဲ့ကြားထဲ ညဈေးတန်းကို လာစားတဲ့သူက မလာကြတော့ ရောင်းအား လုံးဝမကောင်းဘူး။ ခုအိတ်ထဲက စိုက်နေရတယ်။ ဈေးရောင်းမကောင်းတာ ရက် ၂၀ လောက် ရှိပါပြီ။ လုပ်ကိုင်စားသောက်လို့ အဆင်မပြေပါဘူး” ဟု သင်ပေါင်းပိုး ရောင်းချသူ ဦးဝင်းနိုင်က ဆိုသည်။

မြို့တွင်းလေးမြို့တွင် ဈေးရောင်းချသည့် လမ်းဘေးဈေးသည်များကို စနစ်တကျ ရောင်းချနိုင်စေရန် ညဈေးတန်းကို ဖော်ဆောင်ပေးခဲ့ပြီး ရန်ကုန်မြို့၏ ဒုတိယမြောက် ညဈေးတန်းကို ပုဇွန်တောင်မြို့နယ် ၅၂ လမ်းတွင် ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိကြောင်း၊ လမ်းဘေးဈေးသည်များ  ဈေးရောင်းသည့် နေရာများ အဆင်ပြေမှု ရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။       

J-10



FOLLOW US