News

POST TAGGED AS

ဈေး

15-Nov-2016

ဈေး
ဆိုင်ခန်းပေါင်း ငါးထောင်ကျော် ပါဝင်သည့် ညဈေး ဖွင့်လှစ်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၄ 

ရန်ကုန်မြို့အတွင်းရှိ လမ်းဘေးဈေးသည်များအတွက် ဆိုင်ခန်းပေါင်း ငါးထောင်ကျော် ပါဝင်သည့် ညဈေးတစ်ခုကို ကမ်းနားလမ်းတစ်လျှောက်၌ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

အဆိုပါ ကမ်းနားလမ်း တစ်လျှောက်ရှိ ညဈေးဆိုင်ခန်းများတွင် ရန်ကုန်မြို့တွင်းရှိ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ လမ်းဘေးဈေးသည်များကို အဓိက ပြောင်းရွှေ့ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ဆိုင်ခန်းများ နေရာချထားပေးကာ စည်းကမ်းတကျဖြင့် ရောင်းချရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“ရောင်းချဖို့ အဆင်ပြေအောင် အားလုံး ဆောင်ရွက်ပေးထားတယ်၊ ဈေးသည်ဖက်က စည်းကမ်းနဲ့အညီ ရောင်းချရမယ်၊ အမှိုက်စွန့်ပစ်ကိုလည်း စနစ်တကျ ရှင်းရှင်းလင်းလင်းစွန့် စုပုံထားပေးဖို့ လိုအပ်ပါတယ်၊ ဒီအတွက် ဒဏ်ငွေပုံစံနဲ့ ဆောင်ရွက်ပါ့မယ်” ဟု ၎င်းက ပြောကြားသည်။ 

ယင်းအပြင် ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်တည်းမှု မရှိအောင် အကျယ်အဝန်း ရှစ်ပေ လေးပေခန့် နေရာချပေးထားပြီး မီးအလင်းရောင်ကောင်းစွာ ရရှိရန် Area Lamp မီးတိုင်ကြီး အတိုင် ၄၀ ခန့် စိုက်ထူထားကာ ရွှေ့လျားအိမ်သာများလည်း တည်ဆောက်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

“ဒီလို လမ်းဘေးဈေးသည်တွေကို စည်းကမ်းတကျ ညဈေး ဖွင့်လှစ်ပေးတာ အရမ်းကောင်းတယ်၊ သူတို့ စိတ်ဝင်တစား လာရောက်ရောင်းချချင်ဖို့ အရေးကြီးတယ်၊ ဒါမှ ရန်ကုန်မြို့ဆိုတာ မြို့ပြအင်္ဂါနဲ့ နဲနဲတူလာမယ်” ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ကမ်းနားညဈေးတန်းကို နေ့စဉ် ညနေ ၅ နာရီခွဲခန်မှ ညပိုင်း ၁၁ နာရီအထိ ရောင်းချခွင့်ပေးမည် ဖြစ်ပြီး ဈေးသည်အားလုံး၏ မြို့နယ်အလိုက် ရောင်းချနေသည့်ဦးရေ စာရင်းများလည်း ကောက်ယူနေပြီ ဖြစ်ကြောင်း ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် စသော မြို့နယ်တစ်လျှောက်ရှိ အဓိက လမ်းလေးသွယ်မှ လမ်းဘေးမြေနေရာများ ရှင်းလင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီထံမှ ထပ်မံသိရှိရသည်။ 



FOLLOW US