News

POST TAGGED AS

ဈေး

22-May-2018

စက်သုံးဆီ
ပြည်တွင်း စက်သုံးဆီဈေး နိုင်ငံတကာ ပေါက်ဈေးအောက် လျှော့ရောင်းဟု စက်သုံးဆီအသင်းဆို

ရန်ကုန်၊ မေ ၂၂

ပြည်တွင်း ဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာသော်လည်း လက်ရှိအချိန်တွင် နိုင်ငံတကာ ပေါက်ဈေးအောက် စက်သုံးဆီများကို ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် စင်ကာပူ စက်သုံးဆီနှုန်း (Mops) များ ဆက်တိုက်မြင့်လာခြင်းနှင့် အမေရိကန် ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာခြင်းတို့ကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်လအတွင်းတွင် တစ်လီတာလျှင် ကျပ် ၁၀၀ ကျော်အထိ မြင့်တက်လာသော်လည်း ယင်းဈေးနှုန်းများသည် စက်သုံးဆီဆိုင်များက ဈေးကွက်အတွင်း ဖြစ်သင့်သည့် ဈေးထက် လျှော့ချရောင်းချပေးနေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုလပိုင်းအတွင်း စက်သုံးဆီ ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းနှင့်ပတ်သက်၍ မေလ ၂၂ ရက်က ရန်ကုန် မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ မြန်မာ နိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်း က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ် သည်။

“အခုလက်ရှိ အာဆီယံ စက်သုံးဆီ ဈေးကွက်ဖြစ်နေတဲ့ ဈေးနှုန်းမှာဆိုရင် ကျွန်တော်တို့နိုင်ငံက ဒုတိယအနည်းဆုံးပါ။ ဈေးကွက်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးထက်ကို နည်းပါတယ်”ဟု ဒေါက်တာဝင်းမြင့်က ရှင်းလင်းပြောဆိုသည်။

ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်ခြင်းနှင့် ယခင်ဈေးအနိမ့်ဖြင့် ဝယ်ယူရရှိထားသော ဆီလက်ကျန်များကြောင့်သာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချ ရောင်းချနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ဆီဈေးတွေက ဆက်တိုက်တက်လာတော့ ကျွန်တော်တို့အတွက် တော်တော်ကို အဆင်မပြေတာ။ ဈေးပိုတောင်းပြန်တော့လည်း ခရီးသည်က ဈေးပိုမပေးချင်ဘူး”ဟု အငှားယာဉ်မောင်း ဦးထွဋ်မြတ်မိုးက ဆိုသည်။

စက်သုံးဆီ လက်လီဈေးသည် ရန်ကုန်မြို့၌ ဒီဇယ်တစ်လီတာလျှင် ၉၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၉၁၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ လျှင် ၉၁၅ ကျပ်ဈေးရှိပြီး လက်ကားဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင် ၈၉၈ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၉၁၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၆၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၀၀ ကျပ်ဈေးရှိကြောင်း စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရ သည်။

မန္တလေးမြို့တွင်မူ စက်သုံးဆီ လက်လီဈေးနှုန်းများမှာ ရန်ကုန်ဈေးနှုန်းထက် တစ်လီတာလျှင် ကျပ် ၅၀ ခန့် ပိုမိုကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းဇယားများအရ သိရသည်။

ပြည်ပ စက်သုံးဆီဈေးသည် အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၈ ဒေါ်လာကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် ၉၁ ဒေါ်လာကျော်၊ ဒီဇယ် တစ်စည်လျှင် ၉၁ ဒေါ်လာကျော်၊ အဆင့်မြင့် ဒီဇယ်တစ်စည်လျှင် ၉၂ ဒေါ်လာ ကျော်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

J-01



FOLLOW US