News

POST TAGGED AS

ဈေး

20-Apr-2018

ဈေး ကြက်
ကြက်သားလက်လီဈေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့် ဈေးတက်


ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်အပြီးနောက်ပိုင်း ယခုလတတိယအပတ်မှစတင်ကာ ကြက်သားလက်လီဈေး တစ်ပိဿာလျှင် ကျပ် ၆၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ကြက်သားရောင်းချသည့်ဒိုင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကြက်သားဈေးနှုန်းများမှာ ဧပြီလအစက လက်လီဈေး အသားတစ်ပိဿာလျှင် ကျပ် ၅၀၀၀ အထိ ဈေးရှိခဲ့ပြီး ယခုရက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း အဆိုပါဈေးကွက်ထံမှ သိရှိရသည်။

“အသားတိုးကြက် CP ကတော့ ခြံဖမ်းဈေးကတက်လာတယ်။ အခုလက်ရှိကတော့ ကြက်ဘဲဈေးတွေမှာလည်း ဈေးနည်းနည်းတက်တယ်။ သင်္ကြန်အပြီးနောက်ပိုင်း ဈေးက ခြံဖမ်းဈေးကို ၃၆၀၀ နဲ့ စဖွင့်လာတယ်။ ထွက်နှုန်းကတော့ ရာသီဥတုပူတော့ အနည်းငယ်လောက်ပဲ အပျက်အစီးရှိပါတယ်”ဟု ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ကိုလတ်က ဆိုသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်ဘဲဈေးတွင် ယခင်လနှင့်ယခုလအစက ဒိုင်ဈေးလက်ကားဈေး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်ရှိခဲ့ရာမှ ယခု ရက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃၆၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း အဆိုပါဈေးရှိ ကြက်သားအရောင်းဒိုင်များထံမှ သိရသည်။

ဧပြီလအတွင်း ကြက်သား ခြံဖမ်းဈေးမှာ ကျပ် ၃၆၀၀ မှ ၄၀၀၀ အတွင်း ဈေးနှုန်းမြင့်တက်လာသောကြောင့် မြို့နယ်များရှိ လက်လီကြက်သားဒိုင်များမှာလည်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းနှင့် ကြက်သားလက်လီဈေး မြင့်တက်လာသော်လည်း ဝယ်ယူစားသုံးမှုနှုန်းမှာ လျော့ကျသွားခြင်းမရှိကြောင်း လက်လီ ကြက်သားအရောင်းဒိုင်များထံမှ သိရသည်။

“တကယ်တော့ အစိုးရဝန်ထမ်းတွေ လစာတိုးတိုင်း ကုန်ဈေးနှုန်းတက်တာမဆိုင်ပေမယ့် အမြဲတမ်းလိုလိုကို ကုန်ဈေးနှုန်းကို လိုက်တက်နေသလို ဖြစ်နေပြီ။ တာဝန်ရှိသူတွေအနေနဲ့ ကုန်ဈေးနှုန်းမြင့်မတက်ဖို့ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ဆို ကြက်သားဈေး တစ်ထောင် တက်သွားတယ်” ဟု သာကေတမြို့နယ်မှ အိမ်ရှင်မဖြစ်သူ ဒေါ်သရဖီက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်မြို့ရှိ ကြက်ဥဈေးနှုန်းများမှာ တစ်လုံးလျှင် လက်ကားဈေး ၁၁၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မြို့နယ်များရှိ ဈေးများတွင် ကြက်ဥတစ်လုံးလျှင် လက်လီဈေး ကျပ် ၁၃၀ မှ ၁၅၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

J-10



FOLLOW US