News

POST TAGGED AS

ဈေး

14-Sep-2016

ဈေး
ဒိုက်ဦးဈေးကိစ္စ ပြေလည်မှုမရပါက ပျံကျဈေးသည်များ ဆန္ဒဖော်ထုတ်မည်ဟုဆို
တောင်ငူ၊ စက်တင်ဘာ ၁၄ 

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အနောက်ဘက်၌ အသစ်ဖွင့်လှစ်ထားသည့်ဈေးသို့ မြို့တွင်းဈေးများမှ ပျံကျဈေးသည် ၆၀၀ ကျော်ကို ပြောင်းရွေ့ရန် စည်ပင်သာယာရေးအဖွဲ့က စာထုတ်အသိပေးထားမှုကို ရုတ်သိမ်းပေးခြင်းမရှိပါက ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပျံကျဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူများက ပြောသည်။

ပျံကျဈေးသည်က ၆၀၀ ကျော်ရှိပေမယ့် ဈေးသစ်မှာ နေရာပေးနိုင်တာက ၁၉၂ ခန်းပဲရှိတယ်။ နောက်တစ်ချက်က ဈေးသစ်မှာ ဈေးရောင်းကောင်းဖို့ မရှိဘူး။ အခုဖွင့်ထားတဲ့ ဆိုင်ခန်းပိုင်ရှင်တွေတောင် ပြန်သိမ်းလာကြပြီ။ ဈေးသူဈေးသား ၄၀ ကျော်က လက်မှတ်ရေးထိုးပြီး အသနားခံစာတင်ထားတာကိုလည်း အကြောင်းမပြန်သေးဘူး။ အတင်းအကြပ်ပြောင်းခိုင်းရင်တော့ ဆန္ဒဖော်ထုတ်မယ်"ဟု ဒိုက်ဦးဈေးဟောင်းနေရာတွင် ကုန်စိမ်းရောင်းချနေသူတစ်ဦးက ပြောသည်။

အဆိုပါ ဒိုက်ဦးဈေးသစ်ကို အမှတ်(၆)ရပ်ကွက် မင်းတဲရပ်ကွက် သင်္ချိုင်းကုန်းဟောင်းနေရာ၌ ၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ် ဇွန်လက ပြီးဆီးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဈေးဆိုင်ခန်း ၃၀ ကျော်လာရောက်ဖွင့်ထားကြောင်း ဒိုက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းဈေးများဖြစ်သော မြို့မဈေး၊ သံတံတား ဈေးနှင့်ရေကျော်ဈေးအပါအဝင် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများမှ ပျံကျဈေးဆိုင်ခန်းများကို မြို့သစ်ဈေးသို့  ရွှေ့ပြောင်းခိုင်းခြင်းနှင့်ပတ်သက်ပြီး ပျံကျဈေးသည် ၄၀ ကျော်က ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်ထံ သြဂုတ် ၂၄ ရက်က အသနားခံစာ ပေးပို့ထားသော်လည်း အကြောင်းမပြန်သည့်အပြင် ဝန်ကြီးနှင့် ဈေးသူဈေးသားများ တွေ့ ဆုံမည်ဟု ကတိပေးထားသည့် စက်တင်ဘာ ၉ ရက်ကလည်း လာရောက်ခြင်း မရှိခဲ့ကြောင်း ပျံကျဈေးသည် ဒေါ်သန်းသန်းရီက ဆိုသည်။

"ထပ်ပြီး မထူးခြားရင်၊ ပြဿနာကို ပြေလည်အောင် မဖြေရှင်းပေးရင် သမ္မတရုံးဝန်ကြီးထံ တိုင်ကြားမယ့်အပြင် ပျံကျဈေးသည် ၂၀၀ ကျော်နဲ့ ဆန္ဒဖော်ထုတ်သွားမယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ - KKT

  • VIA


FOLLOW US