News

POST TAGGED AS

ဈေး

07-Sep-2016

ဈေး
ပျံကျဈေးသည်များကို ဈေးသစ်သို့ ပြောင်းရွှေ့ခိုင်း၍ အခက်ကြုံ
တောင်ငူ၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အနောက်ဘက် ရေကြီးကွင်းနေရာ၌ အသစ်ဖွင့်လှစ်ထားသည့် ဈေးသစ်နေရာသို့ မြို့တွင်းဈေးများမှ ပျံကျဈေးသည်များကို စက်တင်ဘာ ၁၀ ရက်နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် စည်ပင်သာယာရေးအဖွဲ့က စာထုတ်ပြန်ခဲ့သည့်အတွက် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း ပျံကျဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူများက ပြောဆိုသည်။

"အန်တီတို့ ပျံကျဈေးသည်တွေက ၆၀၀ ကျော်ရှိတယ်။ ဈေးသစ်မှာ နေရာပေးနိုင်တာက အခန်းပေါင်း ၁၉၂ ခန်းပဲရှိတယ်။ အဲဒီ့ဆိုင်ခန်းတွေကိုလည်း မဲပေါက်မှ ရမှာဆိုတော့ မဲမပေါက်ရင် ဘယ်လိုလုပ်မလဲ။နောက်တစ်ချက်က မြို့ထဲက ဖောက်သည်က ဈေးသစ် ချောင်းကူးလမ်းကူးကို ဘယ်လိုလိုက်လာမလဲ။ မသေချာဘူး။ ဒီတော့ တတ်နိုင်ရင် မပြောင်းရွှေ့ချင်ကြဘူး"ဟု မြို့မဈေးဟောင်းနေရာတွင် ကုန်စိမ်းရောင်းချနေသူတစ်ဦးက ပြောသည်။

ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ မြို့တွင်းဈေးများဖြစ်သော မြို့မဈေး၊ သံတံတားဈေးနှင့် ရေကျော်ဈေးများအပါအဝင် စည်ပင်သာယာအောက်ရှိ ဈေးများမှ ပျံကျဈေးသည်များကို မြို့သစ်ဈေးသို့ ရွှေ့ပြောင်းရန် ခိုင်းစေမှုနှင့်ပတ်သက်ပြီး ဈေးသူဈေးသား ၄၀ ခန့်က လက်မှတ်ရေးထိုးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်ထံ သြဂုတ် ၂၄ ရက်က အသနားခံစာ ပေးပို့ထားကြောင်း ပျံကျဈေးသည် ဒေါ်သန်းသန်းရီက ပြောသည်။

"စက်တင်ဘာ ၆ ရက်က စည်ပင်ရုံးမှာ အစည်းအဝေးလုပ်တယ်။ ပျံကျဈေးဆိုင်ခန်းပိုင်ရှင်တွေထဲက တိုင်ထားတဲ့ အဒေါ်တို့ကို တက်ခွင့်မပေးဘူး။ လာမယ့် ၉ ရက်နေ့မှာလည်း စည်ပင်ဝန်ကြီး ဦးမောင်မောင်လွင် လာမယ်ကြားတယ်။တက်ခွင့်ပေးပေး၊ မပေးပေး ရအောင်တက်ပြီး တင်ပြရမှာပဲ"ဟု အနှစ် ၂၀ နီးပါးကြာ ပျံကျဈေးရောင်းချခဲ့သူ ဒေါ်မြင့်က ဆိုသည်။

ယင်းကဲ့သို့ ပျံကျဈေးသည်များကို မြို့သစ်ဈေးသို့ ရွေ့ ပြောင်းရန် စာထုတ်ပြန်ခဲ့သည့် ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းဇော်မိုးထံ The Voice က ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေးရှိနေသည့်အတွက် ဖြေကြားမှု မပြုနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဒိုက်ဦးဈေးသစ်သည် မြို့ထဲနှင့်ဝေးကွာပြီး ဒရယ်မီးချောင်း ရေကြီးရေလျှံပါက ရေဝင်နစ်မြုပ်တတ်သည့် နေရာဖြစ်ကြောင်း ပျံကျဈေးသည်အချို့က ပြောကြားသည်။

ဓာတ်ပုံ - KKT

  • VIA


FOLLOW US