News

POST TAGGED AS

ဈေးသည်

ရထားပေါ်ဈေးရောင်းချသူများကို စီမံချက်ဖြင့် စဖမ်း
ရန်ကုန်၊ ဇွန် ၃၀

မြန်မာ့မီးရထားအနေနှင့် ရထားပေါ် ဈေးရောင်းချနေသူများကို ဇွန်လ ၂၈ ရက်ကစ၍ စီမံချက်ဖြင့် ဖမ်းဆီးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း-၇ (သွားလာပို့ဆောင်ရေးဌာန) မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရထားပေါ် တက်ရောက်တဲ့ ဈေးသည်တွေကို စစ်ဆေးအရေးယူနေတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းကို တစ်လ အရင် အဓိကထား ရှင်းနေတယ်”ဟု ၎င်းက ပြောဆိုသည်။

ဈေးသည်များကို စတင်စစ်ဆေးအရေးယူသည့် ဇွန်လ ၂၈ ရက်နေ့က ရန်ကုန်ဘူတာကြီးတွင် ဈေးသည်သုံးဦး၊ ကြည့်မြင်တိုင်ဘူတာတွင် ဈေးသည်တစ်ဦး ဖမ်းမိခဲ့ပြီး နောက်ရက်များတွင် ထပ်မံဖမ်းမိခြင်း မရှိသေးကြောင်း ၎င်းကရှင်းပြသည်။

“အရင်တုန်းက ဖမ်းမိတဲ့ဈေးသည်တွေကို ဒဏ်ငွေလောက်ချပြီး ပြန်လွှတ်ခဲ့တော့ ဈေးသည်တွေက မမှတ်ဘူး။ ထပ်ထပ် ရောင်းတယ်။ အခုတော့ အဲဒီလိုမရတော့ဘူး။ တရားရုံးစွဲတင်ပြီးတော့ကို အရေးယူမှာပါ”ဟု အဆိုပါအရာရှိက ထပ်မံ ပြောဆိုသည်။

ယင်းသို့ စစ်ဆေးအရေးယူခြင်းကို ရန်ကုန်နှင့် တောင်ငူတို့တွင် စတင်နေပြီဖြစ်ကာ ရထားသွားလာပို့ဆောင်သည့် တိုင်း ၁၁ တိုင်းလုံးကို စီမံချက်ဖြင့် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့ မီးရထား၊ သတင်းပြန်ကြားရေးဌာနမှ တွဲဖက် ဒုကြီးကြပ်ရေးမှူး ဦးထိန်ဝင်းက ပြောကြားသည်။

ရထားပေါ်တွင် ဈေးရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက မီးရထားဥပဒေအရ တရားစွဲခံရမည်ဖြစ်ပြီး ပြစ်ဒဏ်အနေနှင့် ဒဏ်ငွေကျပ် သုံးသောင်းမှ တရားသူကြီး၏ ဆင်ခြင်တုံတရားဖြင့် ထောင်ဒဏ်အထိ ချမှတ်နိုင်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US