News

POST TAGGED AS

ဈေးသည်

ရွှေစက်တော်ဘုရားရှိ ဈေးသည်များ နေရပ်ပြန်ရန် ဂေါပကအဖွဲ့ ညွှန်ကြား
မကွေး၊ မေ ၁၃

မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားဝင်းအတွင်း နှစ်စဉ် ဈေးရောင်းချလေ့ရှိသည့် တောင်ပေါ်တောင်အောက်ရှိ မိုးခိုဈေးသည်များအနေနှင့် နေရပ်ပြန်ရန် ဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။

“မိုးခိုဈေးသည်တွေကို ကျွန်တော်တို့ မထိန်းသိမ်းနိုင်ပါဘူး။ တချို့ဈေးသည်တွေက စည်းကမ်းချက်တွေကို မလိုက်နာကြဘူး။ အဲဒါကြောင့်နေရပ်ကို ပြန်ကြဖို့ပြောတာပါ။ သူတို့ပြန်သွားရင် တင်ဒါခေါ်မယ်။ သူတို့လည်း ပြန်လျှောက်လို့ရပါတယ်။ စည်းကမ်းတကျလေးနဲ့ ဆိုင်ခန်းလေးတွေ ထွက်ရှိနိုင်ဖို့ပြန်ဆောင်ရွက်မှာပါ”ဟု မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောဆိုသည်။

ရွှေစက်တော်ဘုရားပွဲကြီးပြီးပါက ဈေးရောင်းချလေ့ရှိကြသည့် အဝတ်အထည်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အခြားအသုံးအဆောင် ရောင်းချသည့် ဈေးသည် ၆၀ ကျော်မှ ဈေးသည်အချို့သည် စည်းကမ်းမလိုက်နာ၍ ထိန်းသိမ်းရန်အခက်အခဲရှိသဖြင့် နေရပ်ပြန်ရန် ညွှန်ကြားခြင်းကို မေလ ၁၂ ရက်နေ့က မပြန်နိုင်ကြောင်း ဈေးသည်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

“ဘုရားပွဲတော်ကြီးပြီးပေမယ့် ကျွန်မတို့ မိုးခိုဈေးသည်တွေမှာ စားဝတ်နေရေးမပြေလည်လို့ နေရပ်လည်း မပြန်နိုင်လို့ ဈေးရောင်းနေကြတာပါ။ ကလေးတွေကိုလည်း နမ္မဒါမှာရှိတဲ့ ကျောင်းမှာပဲထားကြတာပါ။ အခုလိုနှင်လိုက်ရင် ကလေးတွေရဲ့ ပညာရေးလည်းထိခိုက်မှာ စည်းကမ်းမရှိလို့ နှင်မယ်ဆိုရင်လည်း စိစစ်ပြီးနှင်သင့်ပါတယ်”ဟု မိုးခိုဈေးသည်တစ်ဦးက ရှင်းပြပြောဆိုသည်။

မိမိတို့နေရပ်တွင် အလုပ်အကိုင် အဆင်မပြေသဖြင့် မန်းရွှေစက်တော် ဘုရားပွဲတော်ရာသီပြီးသော်လည်း လာရောက်ဈေးရောင်းချနေရပြီး ဂေါပကအဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာခဲ့ကြောင်း ထို့အပြင် ယခုကဲ့သို့နေရပ်ပြန်ရန် ဂေါပကအဖွဲ့မှ ညွှန်ကြားခဲ့သည့်အတွက် စားဝတ်နေရေးနှင့် ကလေးငယ်များ၏ ပညာရေးပါ ထိခိုက်လာမည်ဖြစ်ရာ အစိုးရအဖွဲ့ထံတင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း ရွှေစက်တော်၌ အဝတ်အထည်ရောင်းသည့် ဒေါ်ပြုံးက ဆိုသည်။

အဆိုပါ မိုးခိုဈေးသည်များကို မေလ ၁၂ ရက်နေ့တွင်ဈေးဆိုင်များအား ဖယ်ရှားပေးရန်နှင့် မိမိတို့နေရပ်သို့ ပြန်ကြရန် ညွှန်ကြားချက်ထုတ်ခဲ့ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါဂေါပကအဖွဲ့ထံမှ သိရသည်။

လွင်အေး



FOLLOW US