News

POST TAGGED AS

ဈေးဝယ်စင်တာ

ဘားအံ ဈေးဝယ်စင်တာတည်ဆောက်ခွင့် မော်လမြိုင်အခြေစိုက်ကုမ္ပဏီ ရရှိ
ဘားအံ၊ ဇွန် ၂၁

ကရင်ပြည်နယ် ဘားအံမြို့၌ ဈေးဝယ်စင်တာ တည်ဆောက်နိုင်ရေး ဇွန်လ ၂၁ ရက်နေ့က တင်ဒါရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ မော်လမြိုင်အခြေစိုက် UHM ကုမ္ပဏီမှ တည်ဆောက်ခွင့်ရရှိခဲ့သည်။

ဘားအံကားဝင်းဟောင်းနေရာကို မြို့ပြဖွံ့ဖြိုးရေးစီမံချက်အရ ရှင်းလင်းဖယ်ရှားပြီးနောက် ဈေးဝယ်စင်တာ တည်ဆောက်ရန်အတွက် တင်ဒါယှဉ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မော်လမြိုင်မြို့အခြေစိုက် UHM ကုမ္ပဏီမှ အမှတ်အများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ယင်းတင်ဒါပြိုင်ပွဲသို့ ဘားအံမြို့မှ ချစ်လင်းမြိုင်ကုမ္ပဏီ၊ ရန်ကုန်မြို့အခြေစိုက် ဂမုန်းပွင့်ကုမ္ပဏီ၊ မော်လမြိုင်အခြေစိုက် UHM ကုမ္ပဏီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှု၊ ပြည်နယ်အစိုးရ၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစသည့် အမှတ်ပေးစည်းမျဉ်းများဖြင့် ယှဉ်ပြိုင်ခဲ့ရာ ချစ်လင်းမြိုင်ကုမ္ပဏီမှ ၆၆ ဒသမ ၂၃ မှတ်၊ ဂမုန်းပွင့်ကုမ္ပဏီမှ ၉၀ ဒသမ ၈၅ မှတ်တို့ရရှိခဲ့ပြီး UHM ကုမ္ပဏီမှ ၁၀၆ ဒသမ ၂၇ မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“အဲဒီထဲကမှ တင်ဒါပြန်တင်လာတာက ၃ ဦးရှိတယ်။ အဲဒီ ၃ ဦးထဲကမှ ရွေးချယ်ခဲ့တာပါ။ အပိုင်း ၂ ပိုင်းခွဲပြီးစစ် ဆေးရွေးချယ်ပါတယ်။ တစ်ပိုင်းက အင်ဂျင်နီယာပိုင်းပေါ့။ အဲဒါကို သက်ဆိုင်ရာဌာနတွေက တစ်ပတ်အချိန်ယူစစ်ပါတယ်။ ရလာတဲ့အဖြေကို ချိပ်ပိတ်ပြီးသိမ်းထားပါတယ်။ နောက်တစ်ပိုင်းက ဘယ်နှထပ်ဆောက်မလဲ၊ အစိုးရအဖွဲ့နဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုတွေ ဘယ်လိုလုပ်မလဲဆိုတာ ပြည်နယ် အစိုးရအဖွဲ့ ၁၈ ဦးက စစ်ပါတယ်။ လျှို့ဝှက်မဲပေးစနစ်နဲ့ ချိပ်ပိတ်ပြီး အခုအဲဒါတွေကို ဖွင့်ဖောက်ပြီး ရလဒ် ၂ ခုကိုပေါင်းသွားတာပါ”ဟု တင်ဒါကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောကြားသည်။

အဆိုပါ စင်တာတည်ဆောက်ခွင့် တင်ဒါကို ဧပြီ ၁ ရက်မှ ၁၅ ရက်နေ့အထိ ခေါ်ယူခဲ့ပြီး ကုမ္ပဏီ ၁၀ ခုမှ လျှောက်လွှာဝယ်ယူခဲ့ပြီး ၃ ဦးသုံးသာ တင်ဒါပြန်လည်တင်ပြခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါစင်တာကို ဇွဲကပင်ပလာဇာဟူ၍ ဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်းပလာဇာအတွင်း ဈေးဆိုင်များအပြင် ရုပ်ရှင်ရုံ ၂ ရုံ၊ ကစားကွင်းများ၊ ကရင်တိုင်းရင်းသား အစားအစာများ ရောင်းချမည့်နေရာကိုလည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း UHM ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်ရွှေက ပြောကြားသည်။ 

“ဒီပရောဂျက်က အချိန်ကာလနဲ့ လုပ်ဆောင်ရမယ့်အပိုင်းအားဖြင့် အချိန်သတ်မှတ်ချက်က စိန်ခေါ်မှုရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ တော်တော်လေး စဉ်းစားပြင်ဆင်ရပါတယ်”ဟု ၎င်းက ပြောဆိုသည်။  

R-17




FOLLOW US