News

POST TAGGED AS

ဈေးဝယ်စင်တာ

ဇွဲကပင်တောင်ခြေအနီး လူငယ်တစ်စုက အုပ်စုဖွဲ့အကြမ်းဖက်ဟုဆို
ဘားအံ၊ ဇွန် ၎

ဘားအံမြို့နယ် အုန်းတစ်ပင်ကျေးရွာအပိုင် ဇွဲကပင်တောင်ခြေသို့သွားသည့် အဝင်လမ်းမုခ်ဝအနီးတွင် ဆိုင်ကယ်စီးလူငယ်တစ်စုက ရေသန့်စက်ရုံမှ ဝန်ထမ်းလူငယ်များကို လမ်းသရဲဇာတ်လမ်းဆန်ဆန် တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်၊ ခုတ်ထစ်ခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လ ၃ ရက်၊ ည ၈ နာရီခွဲခန့်က ဖော်မွန်သောက်ရေသန့်စက်ရုံမှ လူငယ်ဝန်ထမ်း ၅ ဦးသည် ဘားအံမြို့နယ် ဦးဆောက်ပန်းရုပ်ရှင်ရုံမှ ရုပ်ရှင်ကြည့်ပြီးအပြန်တွင် ထိုသို့ ရိုက်နှက်၊ ခုတ်ထစ်ခြင်းခံရကြောင်း ရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ သိရှိရသည်။ 

ရုပ်ရှင်ကြည့်ပြီး အုန်းတစ်ပင်ကျေးရွာသို့အပြန် လမ်းကြုံကားတစ်စီးကို ခွင့်တောင်းကာ လိုက်ပါစီးနင်းပြီးပြန်အလာ ထိုနေရာအရောက်တွင် ဆိုင်ကယ် ၁၀ စီးခန့်အနီးမှ လူငယ် ၂၀ ဦးခန့်က ၎င်းတို့ကို အော်ဟစ်ဆဲဆိုကာ အသင့်ပါလာသော တုတ်၊ ဓားများဖြင့် ပစ်ပေါက်သဖြင့် ထွက်ပြေးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားသူ ကိုအောင်ထက်က ပြောဆိုသည်။

ထိုသို့ ထွက်ပြေးရာတွင် ဇွဲကပင်တောင်ခြေ မုခ်ဝအနီးထိ လူငယ် ၁၅ ဦးခန့်က နောက်မှ ထပ်မံလိုက်ပါလာပြီး အသင့်ပါလာသော တုတ်၊ ဓားများဖြင့် ထပ်မံရိုက်နှက်၊ ခုတ်ထစ်ခဲ့ခြင်းဖြစ်ကြောင်း ကိုအောင်ထက်က ထပ်မံပြောဆိုသည်။

ရိုက်နှက်၊ ခုတ်ထစ်ခံရသဖြင့် ကိုအောင်ထက် (၁၈ နှစ်) သည် ဘယ်ဘက်ပုခုံး ပွန်းပဲ့ဒဏ်ရာ၊ ကိုတင်မင်းဦး (၁၉ နှစ်) ညာဘက်နောက်စေ့ ပြတ်ရှဒဏ်ရာ၊ ကျောကုန်းပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည်။

ထို့ပြင် ကိုသူရိန်ဝင်း (၂၀ နှစ်) သည် ဘယ်ဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊ ညာပုခုံးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ (စိုးရိမ်ရ) ရရှိသဖြင့် ၎င်းတို့ကို ဘားအံဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသထားကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ထိုသို့ ရိုက်နှက်၊ ခုတ်ထစ်မှုနှင့်ပတ်သက်၍ ကိုအောင်ထက်က အိန္ဒုနယ်မြေရဲစခန်းသို့ တရားလိုပြုလုပ်တိုင်ကြားသဖြင့် ဇွန်လ ၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် ကျူးလွန်သူများကို ရာဇသတ်ကြီးပုဒ်မ ၃၂၆၊ ၃၂၅၊ ၃၂၉၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

R-17



FOLLOW US