News

POST TAGGED AS

ဈေးပွဲတော်

တောသင်္ကြန် ညဈေးဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် အခမဲ့နေရာပေးမည်
မန္တလေး၊ မတ် ၅

မန္တလေးမြို့တော်၌ ကျင်းပမည့်တောသင်္ကြန်ညဈေးတွင် အမှတ်တရပစ္စည်းနှင့် ရိုးရာမုန့်များရောင်းချရန် ဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် အခမဲ့နေရာချထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

တောသင်္ကြန်ညဈေးကို ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၉ လမ်းနှင့် ၂၆ လမ်းကြား၌ ယာဉ်ကြောတစ်ခြမ်းပိတ်၍ ပြုလုပ်မည်ဖြစ်ရာ အဆိုပါညဈေးတွင် မြန်မာမုန့်မျိုးစုံအရောင်းဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့်စာအုပ်များကို ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ပေးရန် မြို့တော်စည်ပင်က စီစဉ်ထားသည်။

အဆိုပါဆိုင်ခန်းများအတွက် အမိုးအကာပါ ရွက်ဖျင်တဲများထိုးပေးမည်ဖြစ်ပြီး လျှပ်စစ်မီး သွယ်တန်းပေးခြင်းများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အခမဲ့လုပ်ဆောင်ပေးမည်ဖြစ်ကာ လျှောက်ထားသူများ၏ လျှောက်လွှာနံပါတ်အတိုင်း နေရာချထားပေးမည်ဟု ယင်းကော်မတီက အသိပေးထားသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က “မုန့်ဈေးတန်းက ဘယ်နေရာ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်က ဘယ်နေရာဆိုတာကို ဒီဇိုင်းအရင်ဆွဲမယ်။ လျှောက်လွှာတင်တဲ့အစဉ်အလိုက် ကိုယ်နှစ်သက်တဲ့နေရာ ကိုယ်အရင်ရွေးပေါ့။ နောက်ကျတဲ့သူက နောက်ကျသလိုဖြစ်မှာပေါ့”ဟု ပြောဆိုသည်။

မုန့်ဈေးတန်းတွင်ရောင်းချမည့် ဈေးသည်အနေနှင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီသည့်မုန့်များကိုသာ ရောင်းချရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စည်းကမ်းသတ်မှတ်ထားသည်။

ဆိုင်ခန်းနေရာအတွက် လျှောက်လွှာများကို ယခုလ ၇ ရက်နေ့ကစ၍ လက်ခံမည်ဖြစ်သော်လည်း လက်ရှိတွင် ထန်းရွက်ပုတီး၊ ထန်းရွက်ငါး စသည့် အမှတ်တရပစ္စည်းများ ရောင်းချရန် လာရောက်ဆက်သွယ်ထားသူများရှိနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ ထပ်မံသိရသည်။

တောသင်္ကြန်ညဈေးတွင် ရုပ်သေးပွဲ၊ ကြည့်ချင်ပွဲ၊ ကျောက်ဆည် ဆင်အက စသည့်ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ရုပ်ရှင်ကြည့်ချင်ပွဲအတွက် ရုပ်ရှင်ပြစက်နှင့် ဇာတ်လမ်းများကို ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးက ကူညီခြင်းဖြစ်ကြောင်းလည်း ယင်းကော်မထံမှ သိရသည်။

M-07



FOLLOW US