News

POST TAGGED AS

စေတနာ့ဝန်ထမ်း

ရခိုင်ရှိကျောင်းသား၊ ကျောင်းသူများကိုသင်ကြားပေးရန် စေတနာ့ဝန်ထမ်းများခေါ်ယူ
ရန်ကုန်၊ မတ် ၇

ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို လာမည့်နွေရာသီ ကျောင်းပိတ်ကာလတွင် အထွေထွေစွမ်းရည်မြှင့်တင်မှု သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများခေါ်ယူနေကြောင်း စကော်လာအင်စတီကျုထံမှ သိရသည်။

အဆိုပါ စွမ်းရည်မြှင့်တင်မှု သင်တန်းများကို မတ်မှ မေလနောက်ဆုံးပတ်ထိ နှစ်လခွဲကြာ ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံ အင်္ဂလိပ်စာ၊ စကားပြောစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်များနှင့် အများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှု စွမ်းရည်မြှင့်တင်မှု သင်တန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းအင်စတီကျုထံမှ သိရသည်။

အဆိုပါသင်တန်းများကို ပေါက်တော၊ ကျောက်ဖြူ၊ ဂွနှင့် သံတွဲမြို့နယ်များတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်ကြားရေး စိတ်ပါဝင်စားသူအားလုံး လျှောက်ထားနိုင်ကြောင်း ကျေးလက်ဒေသ ပညာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တာဝန်ခံ ဦးဇင်မောင်မောင်က ပြောကြားသည်။

“ရခိုင်ပြည်နယ်ဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဆိုပေမယ့် ယခုအချိန်အခါမှာ စီးပွားရေး၊ လူမူရေး၊ ပညာရေးအဘက်ဘက်က ချွတ်ခြုံကျနေပါတယ်။ အဲဒီလိုဖြစ်တာက ပညာရေးကဏ္ဍ မဖွံ့ဖြိုးသေးတဲ့အကြောင်းက အဓိကအရေးကြီးဆုံး ကဏ္ဍတစ်ခုဖြစ်နေပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ကျောင်းသားများအတွက် သင်တန်းမဖွင့်လှစ်မီ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်း ဦးစွာပို့ချမည်ဖြစ်ပြီး သင်တန်းပြီးဆုံးလျှင် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်မည်ဖြစ်ကာ စေတနာ့ဝန်ထမ်းများအတွက် နေထိုင်စားသောက်စရိတ်များကို Scholar Institute နှင့် ဒေသခံအဖွဲ့အစည်းများက ပံ့ပိုးပေးမည်ဖြစ်ကြောင်း Scholar Institute ထံမှ သိရသည်။

Scholar Institute အနေနှင့် ယခုကဲ့သို့သင်တန်းများကို ကျေးလက်ဒေသ ပညာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ၂၀၀၇ ခုနှစ်မှစတင်ကာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသများရှိ ကျေးလက်ဒေသများတွင် ဖွင့်လှစ်ပေးခဲ့သည်။

စေတနာ့ဝန်ထမ်းဆရာအဖြစ်တာ ဝန်ထမ်းလိုသူများအနေနှင့် Scholar Institute ရုံးဖုန်းနံပါတ် ဝ၁-၅၇၁၇၅၁၊ အီးမေးလ် [email protected] သို့ ဆက်သွယ်၍ မတ်လ ၁၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်သည်။  

J-19



FOLLOW US