POST TAGGED AS

ခွေးရူးရောဂါ

05-Oct-2016

ခွေးရူးရောဂါ
လမ်းမတော်မြို့ နယ်ကို ခွေးရူး ကင်းစင်သည့် နယ်မြေအဖြစ် ဆောင်ရွက်ဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၎

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လမ်းမတော်မြို့နယ်ကို ခွေးရူး ကင်းစင်သည့် နယ်မြေအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီ၏ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ လှမေဦးက ပြောကြားသည်။

၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ရရှိသည့် ဆေးဝါးများဖြင့် လမ်းမတော်မြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီး၍ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်တို့၏ စီစဉ်ပေးမှုဖြင့် တစ်လမ်းချင်း၊ တစ်ရပ်ကွက်လုံး ရှိသမျှ ခွေးလေ ခွေးလွင့်များကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းနှင့် ခွေးမျိုးပွားမှု ထိန်းချုပ်ရေး စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနထံမှ သိရသည်။

“လက်ရှိ လုပ်ထားတဲ့ သုတေသန လုပ်ငန်းတွေအရ မှန်းဆချက်အရ ခွေးကောင်ရေ ခြောက်သန်းနီးပါး ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရပေါ့”ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံသည် ခွေးရူးရောဂါ ဖြစ်ပွားနှုန်း အများဆုံး ဖြစ်ပြီး လူဦးရေ တစ်သန်းလျှင် ၂၂ ယောက်နှုန်း ဖြစ်ပွားလျက်ရှိကာ သေဆုံးနှုန်းမှာ ၁ဝဝ ရာခိုင်နှုန်း ရှိသည့်အတွက် လူထုကျန်းမာရေး ပြဿနာ ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အချက်အလက်များအရ သိရသည်။



FOLLOW US