News

POST TAGGED AS

ချောင်းဦး

ချောင်းဦး ဒေါင့်သန်းဖြစ်ပွားမှု ထိန်းချုပ်နိုင်ဟုဆို

မုံရွာ၊  စက်တင်ဘာ ၆

ဒေါင့်သန်းရောဂါကြောင့် သေဆုံးခဲ့သည့် နွားများကို စားသောက်ပြီးနောက် လူအများသို့ ကူးစက်ခဲ့သော ချောင်းဦးမြို့နယ် သုံးပန်လှ ကျေးရွာတွင် ရောဂါ ဆက်လက် ကူးစက်မှု မဖြစ်ပွားစေရန် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချောင်းဦးမြို့နယ် ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

သုံးပန်လှရွာ တိုက်နယ် ဆေးရုံတွင် တက်ရောက် ကုသနေသူ ဒေါင့်သန်း ဝေဒနာရှင် ၆ ဦးမှာ ရောဂါသက်သာနေပြီး ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိကြောင်း မုံရွာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသနေသူမှာ သက်သာနေပြီဖြစ်ကြောင်း သုံးပန်လှ တိုက်နယ်ဆေးရုံမှ ဆရာဝန် ဒေါက်တာ စန်းနုထိုက်က ပြောကြားသည်။

သုံးပန်လှ ကျေးရွာတွင် ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီးက စက်တင်ဘာ ၆ ရက်နေ့တွင် ကွင်းဆင်း ကြည့်ရှုခဲ့သည်ဟု သုံးပန်လှ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

သုံးပန်လှ ကျေးရွာတွင် လက်ရှိ အခြေအနေတွင် နွားသေဆုံးမှု မရှိဘဲ လူသို့ ကူးစက်မှုလည်း မရှိတော့ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ခိုင်က ပြောကြားသည်။

''နွားသေတာတွေက လက်ရှိမှာ မရှိတော့သလို လူကို ထပ်ကူးတာလည်း မရှိတော့ပါဘူး။ မုံရွာဆေးရုံမှာ လူ တစ်ယောက် တက်နေတာ လေးရက်ရှိပါပြီ နောက်ထပ် မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

သုံးပန်လှ ကျေးရွာတွင် သြဂုတ်လ ၁၈ ရက်နေ့မှ စတင်၍ နွားများ သေဆုံးခဲ့ရာ စက်တင်ဘာလ ၃ ရက်နေ့အထိ နွားရှစ်ကောင် သေဆုံး ခဲ့ကြောင်း၊ နွား သေဆုံးမှုကို ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် တိ/မွေးကုသို့ အသိပေး အကြောင်း ကြားထားပြီး ကျန်းမာရေး ဦးစီးဌာနနှင့် တိ/မွေးကု ကွင်းဆင်း စစ်ဆေးခြင်း အသိပညာပေးခြင်းနှင့် ဆေးကုသခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။



FOLLOW US