News

POST TAGGED AS

ချောင်းသာ

ချောင်းသာကမ်းခြေတွင် ခရီးသွားဝင်ရောက်မှု ၃၀ ရာခိုင်နှုန်းလျော့ကျ

ပုသိမ်၊ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သော ခရီးသွားများမှာ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း လျော့ကျကြောင်း ချောင်းသာကမ်းခြေ ဒေသဟိုတယ်ဇုန်လုပ်ငန်း အဖွဲ့ရုံးထံမှ သိရသည်။

၂၀၁၆ ခုနှစ်က ဧည့်သည်ဝင်ရောက်မှု အများဆုံးလများတွင် ပါဝင်သည့် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ဧည့်သည် ၃၃၅,၄၅ ဦးလာရောက်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ၂၈၁,၉၁ ဦးသာ လာရောက်အပန်းဖြေကြောင်း ချောင်းသာကမ်းခြေ ဒေသဟိုတယ်ဇုန် လုပ်ငန်းအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးသာဦးက ပြောကြားသည်။ 

ဧည့်သည်လျော့ကျရခြင်း အကြောင်းမှာ မုန်တိုင်းသတင်းများနှင့် မိုးရွာသွန်းခြင်းတို့ကြောင့် လည်းကောင်း၊ စီးပွားရေးအခြေအနေကြောင့် လည်းကောင်း၊ ဟိုတယ်ရှိ အခန်းငှားရမ်းခများ မူလဈေးထက် ၂ ဆမှ ၃ ဆအထိ တက်လာခြင်း၊ ချောင်းသာကမ်းခြေတွင် သန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

“အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာ မုန်တိုင်းသတင်း ၃ ကြိမ်ရှိတယ်၊ မိုးမပြတ်ဘူး၊ ပွဲတော်ရက်တွေဖြစ်တဲ့ သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ ခရစ္စမတ်တို့မှာ လာတဲ့သူများပေမယ့် ပုံမှန် ရုံးပိတ် (စနေ၊ တနင်္ဂနွေ) လို ရက်မျိုး ရာသီဥတုကြောင့် လာတဲ့သူ နည်းကုန်တယ်”ဟု ဦးသာဦးက ရှင်းပြသည်။ 

ချောင်းသာကမ်းခြေရှိ ဟိုတယ် အခန်းငှားခမှာ နှစ်ယောက်ခန်း ပင်လယ်ဘက် မျက်နှာမူသည့် အခန်းမှာ ပုံမှန်ဈေး တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်၊ အတွင်းဘက်ကျသည့် အခန်းများမှာ ခြောက်သောင်း ဝန်းကျင်ရှိကြောင်း၊ ပွဲတော်ရက် အချိန်များတွင် ကျပ်နှစ်သောင်းခန့် ဈေးတက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ချောင်းသာကမ်းခြေ၏ ပင်လယ်ရေမှာ ယခင်က ရာသီပတ်လုံး ကြည်စိမ်းနေသော်လည်း ဒီရေတောများ နည်းပါးလာသောကြောင့် ၂၀ဝ၀ ခုနှစ်မှ စတင်ကာ မိုးရာသီအချိန်တွင် ချောင်းသာ ဒီရေချောင်းမှတစ်ဆင့် အမှိုက်နှင့် နုန်းအနည်အနှစ်များ ပင်လယ်တွင်း စီးဝင်ခြင်းတို့ကြောင့် ယခင်လောက် ရေမကြည်တော့ကြောင်း ၎င်းတို့က ဆိုသည်။ 

ချောင်းသာကမ်းခြေ သာယာလှပရေး၊ သဘာဝအခြေအနေများ မပျက်စီးစေရေး၊ ရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်ထားကြောင်း၊ ကမ်းခြေ သန့်ရှင်းသာယာရေးနှင့်  လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် စည်းကမ်းပျက်ဈေးသည်နှင့် ကမ်းခြေတွင် စက်ယာဉ်၊ တိရစ္ဆာန် မောင်းနှင်တာတွေကိုလည်း စည်းကမ်းနှင့်အညီ ဖြစ်စေရန် လုပ်ဆောင်ထားကြောင်း ချောင်းသာကမ်းခြေ ဒေသအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ရှင်းပြသည်။

ချောင်းသာကမ်းခြေသို့ လာရောက်သော ခရီးသည်များ အန္တရယ်ကင်းစေရန် (Water Lines ) ရေကူးနိုင်သည့် အန္တရာယ်ကင်း နယ်နိမိတ်ဗောတန်းများ ချထားကြောင်း၊ စက်တင်ဘာ ဒုတိယပတ်က ရေပြင်သက်ကယ်သင်တန်း ဖွင့်လှစ်သင်ကြားပေးပြီး ရေပြင်သက်စောင့် ကယ်ဆယ်စခန်း ထားရှိကြောင်း၊ ပင်လယ်ပြင် အသက်ကယ် အမြန်ရေယာဉ်နှစ်စီးဖြင့် ဧည့်သည်များကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စောင့်ကြည့်နေပြီး ကမ်းခြေဘက်ရှိ ဟိုတယ် ၁၃ လုံးတွင်လည်း ရေပြင် သက်ကယ်စောင့်ကြည့်သူ တစ်ဦးစီ ထားရှိကြောင်း ၎င်းက ပြောကြားသည်။ 

ချောင်းသာကမ်းခြေဒေသတွင် ဟိုတယ် ၂၇ လုံး၊ လုပ်ငန်းလိုင်စင်ရှိ တည်းခိုခန်း ၄၀ ကျော်နှင့် လုပ်ငန်းလိုင်စင် လျှောက်ထားဆဲ တည်းခိုခန်း ၂၀ ကျော်၊ ဟိုတယ်အခန်းပေါင်း ၁၈၀၀ ကျော်ရှိကြောင်း၊ အပန်းဖြေရန် လာရောက်သူတို့တွင် ပြည်ပအပန်းဖြေ ဧည့်သည်များထက် ပြည်တွင်းအပန်းဖြေ ဧည့်သည်က ပိုမိုများကြောင်း ချောင်းသာကမ်းခြေ ဟိုတယ်ဇုန်လုပ်ငန်းရုံး အဖွဲ့ထံမှ သိရသည်။            

R-12



FOLLOW US