News

POST TAGGED AS

ချောက်မြို့

ကုန်အပြည့်နှင့်ကုန်ကား မြို့သစ်ရေကျော်တံတား၌ ကျွံကျ


ချောက်၊ မေ ၃၁

မကွေးတိုင်း မြို့သစ်မြို့နယ် တောင်တွင်းကြီး - နတ်မောက်ကားလမ်း မိုင်တိုင်အမှတ် ၂၁ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြားရှိ ရွှေပန်းပင်ချောင်း ရေကျော်ကွန်ကရစ်လမ်းတွင် မေလ ၃၀ ရက်နေ့ ညနေပိုင်းက တွဲကားတစ်စီး ကျွံကျ၍ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းထံမှ သိရသည်။

မေလ ၂၉ ရက်ညကဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ရာ ချောင်းရေများကျဆင်း၍ သကြားအိတ် ၃၂ တန်ကိုသယ်ဆောင်ပြီး အောင်လံမြို့နေသူ ယာဉ်မောင်း ပြည့်ဖြိုးအောင်၊ ယာဉ်နောက်လိုက် အောင်ရာဇာမင်းတို့ မောင်းနှင်လာသည့် FUSO အဖြူရောင် တွဲယာဉ်သည် မန္တလေးသို့အသွားတွင် ထိုသို့ကျွံကျခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

“တွဲပေါ်က ကုန်တွေကို (မေလ ၃၀ ရက်) ည ၁၂ နာရီလောက်က ချပြီးပါတယ်။ မနက် ၆ နာရီခွဲလောက်မှာ တွဲကားကို ဖယ်ရှားနိုင်ခဲ့ပြီးပါပြီ။ လမ်းပိတ်ဆို့မှုတော့ ရှိနေသေးပါတယ်။ လမ်းဦးစီးဌာနက မနက်ထဲက လမ်းသွားလာလို့ရအောင် ဆောင်ရွက်နေတယ်”ဟု မြို့သစ်မြို့

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးခင်မောင်ဇင်က ပြောဆိုသည်။

အဆိုပါလမ်းသည် ယခင်ရန်ကုန်သို့ သွားရာလမ်းဟောင်းဖြစ်ပြီး ယခုအခါ နတ်မောက်-မြို့သစ်-တောင်တွင်းကြီးနှင့် မကွေးမြို့တို့ကို ဆက်သွယ်ထားသည့် အဓိက လမ်းတစ်လမ်းဖြစ်ပြီး ယင်းသို့ လမ်းပိတ်ဆို့မှုကို အမြန်ဆုံးရှင်းလင်းနိုင်ရန်နှင့် ယာယီသွားလာနိုင်ရန် ဆောင်ရွက်နေကြောင်း အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

နေနိုင် (ချောက်)



FOLLOW US