News

POST TAGGED AS

ကျေးရွာ

မလှိုင်မြို့နယ်မှ ၁၆ ရွာ ယခုလကုန် မီးရမည်


မိတ္ထီလာ၊ မတ် ၅

မလှိုင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာ ယခုလကုန်ပိုင်းတွင် လျှပ်စစ်မီးအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယင်းမဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက ပြောကြားသည်။ 

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၄၃၁ သန်းကျော် အသုံးပြုလျက် မီးလင်းရေးလုပ်ငန်းပေါင်း ၂၀ နှင့် 11K.V လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှု ဆယ့်တစ်မိုင်ကျော် လုပ်ကိုင်မည်ဖြစ်ရာ မဲဆန္ဒနယ် အမှတ် ၂ အတွင်းရှိ ကျေးရွာ ၁၆ ရွာအတွက် မီးလင်းရေးလုပ်ငန်း ၁၇ ခု ပါဝင်နေပြီး ယခုလမကုန်မီ အပြီးသတ်ဆောင်ရွက်ပေးမည်ဟု ၎င်းက ပြောဆိုသည်။

“ကျွန်မနယ်မြေက ကျေးရွာ ၁၆ ရွာအတွက် ထရန်စဖော်မာ ၁၇ လုံးတပ်ဖို့ ရှိပါတယ်။ အဲဒီရွာတွေက ကျောက်တန်း ရွာမှာက အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့အတွက် ထရန်စဖော်မာနှစ်လုံး တပ်ဆင်ပေးမယ်။ ပစ္စည်းတွေ အကုန်မရောက်သေးလို့ လောလောဆယ် ကျေးရွာရှစ်ရွာမှာ လိုက်တပ်တယ်”ဟု ဒေါ်သီတာငြိမ်းက ရှင်းပြသည်။

မလှိုင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ယခုလဆန်းကစ၍ ထရန်စဖော်မာတပ်ဆင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် လိပ်ခွဲကျေးရွာ၊ ကျင်းသာရွာ၊ အောင်စည် ကျေးရွာ၊ ကုန်းတဲရွာ၊ ညောင်မြင့်ရွာ၊ ရေနီရွာ၊မိတ်ကုန်းရွာတို့တွင် တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

မလှိုင်မြို့နယ်တွင် ကျေးရွာပေါင်း ၂၄၇ ရွာရှိသော်လည်း လက်ရှိအချိန်အထိ ကျေးရွာ ၁၀၀ ကျော် လျှပ်စစ်မီးမရသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

R-01



FOLLOW US