News

POST TAGGED AS

ကျေးရွာအုပ်ချုပ်ရေးမှူး

ပုသိမ်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း ဖွဲ့
ပုသိမ်၊ ဖေဖော်ဝါရီ ၂၀

ပုသိမ်တက္ကသိုလ် ဆရာ/ဆရာမများ အသင်းကိုဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်တွင် အသင်းရုံးခန်း ဖွင့်လှစ်ခဲ့သည်။

“ပညာရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားပြီးလည်း ဖြစ်တယ်၊ ရည်ရွယ်ချက်လည်း ကောင်းတယ်၊ ကျွန်မတို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပံ့ပိုးကူညီမယ့် အားတစ်အားဖြစ်တယ်လို့ ယုံကြည်တယ်”ဟု ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူးက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။ 

ကျောင်းစီမံခန့်ခွဲရေး အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လက်တွဲကာ ကျောင်းလိုအပ်ချက် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီမည့် အသင်းဟုလည်း ယုံကြည်ကြောင်း၊ ပံ့ပိုးကူညီမည့် အပိုင်းတွင်လည်း ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတွင်းက လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများဆိုင်ရာ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ နစ်နာမှုမရှိရေး၊ ပြည့်စုံကောင်းမွန်သော အမျိုးသားပညာရေး ဥပဒေ ပေါ်ထွက်လာရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေးတို့ကို အစိုးရ၊ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေအတွင်းမှ ပူးပေါင်းဆောင်ရွက်သွားမယ်”ဟု အသင်းဥက္ကဋ္ဌ ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ ကထိက ဆရာမင်းဦးက ပြောဆိုသည်။

ပုသိမ်တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က အသင်းဖွဲ့စည်းခွင့် ရရှိခဲ့ကြောင်း ၎င်းထံမှ သိရသည်။ 

မြန်မာနိုင်ငံတစ်ဝန်းတွင် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့အပြင် ဧရာဝတီတိုင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင် တက္ကသိုလ်များတွင်လည်း တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းကို ဖွဲ့စည်းခဲ့ကြောင်း ပုသိမ်တက္ကသိုလ် ဆရာ/ဆရာမများ အသင်းမှသိရသည်။

မောင်မျိုးထက်(ပုသိမ်) R-12



FOLLOW US