News

POST TAGGED AS

ကျောင်းသား

တပ်သား မောင်မောင်အား ထောင် ၂ နှစ် ချမှတ်မှု ပြန်လည် စိစစ်ပေးရန် ၎င်းမိသားစုက တပ်ချုပ်ထံ တောင်းဆိုမည်
ရန်ကုန်၊ ဇန်န၀ါရီလ ၆

ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား သေနတ်မှန် သေဆုံးမှုတွင် တပ်သား မောင်မောင်ကို လူသေမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ရာ သေဆုံးသူ မိသားစုက ထပ်မံ စိစစ် စစ်ဆေးပေးပါရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ စာပို့ တောင်းဆိုမည်ဖြစ်ကြောင်း သေဆုံးသူဘက်မှ ယင်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ရှေ့နေ ဦးခွန်နောင်က ဆိုသည်။

ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားဖြစ်သူ ဂွမ်ဆိုင်းအောင် သေနတ်မှန်သေဆုံးမှုကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်  စုံခုံဖွဲ့ စစ်ဆေးခဲ့ပြီး ၆ လကျော်တွင် ထောက်ပို့တပ်မှ တရားခံ တပ်သားမောင်မောင်ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ (က) အရ လူသေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ညနေ ၄ နာရီလောက်မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အမိန့်ချဖို့ လာအသိပေးတယ်။ ညနေ ၆ နာရီလောက်မှာ အမိန့်ချတယ်။ မိသားစုနဲ့ ပါဝင်ကူညီသူ ခုနစ်ဦး ကြားနာခွင့် ရတယ်။ ဒီကြားထဲ အမိန့် မချခင်မှာတော့ စုံခုံနဲ့ စစ်တုန်းက သွားရသေးတယ်။ အမိန့်က မတရားဘူးဆိုပြီး မိသားစုက ပြန်စစ်ပေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံကို စာပို့တောင်းဆိုဖို့ ရှိတယ်”ဟု ရှေ့နေ ဦးခွန်နောင်က ဆိုသည်။

ယင်းအမိန့်နှင့်ပတ်သတ်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ 
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ညက ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား ဂွမ်ဆိုင်းအောင်သည် ဗလမင်းထင် တံတားဂိတ် တာဝန်ကျ တပ်သား မောင်မောင်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ 

မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီးတွင် ဇွန်လ ၂၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အမျိုးသမီး ၂ ဦးနှင့် အမျိုး ၂ ဦးသည် ဗလမင်းထင် တံတားမှ အပြန်တွင် လူငယ် ၈ ဦးက တားဆီးကာ စစ်ဆေး မေးမြန်းရာမှ အခြေအတင် ဖြစ်ခဲ့သည်။

ယင်းသို့ အခြေအတင်ဖြစ်အပြီး အပြန် တံတားဂိတ်တွင် တာဝန်ကျ တပ်သားမောင်မောင်ထံ အကူညီ တောင်းခံသဖြင့်  ပြန်လိုက်ပို့ရာမှ ဆိုင်ကယ်ဆီ ပြတ်သည့်အတွက် ဆီဖြည့်ရန် ပြင်ဆင်နေစဉ် ဂွမ်ဆိုင်းအောင်တို့အဖွဲ့ ရောက်ရှိလာကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး တပ်သားမောင်မောင် ကိုင်ဆောင်ထားသော သေနတ်မှ ကျဉ်ဆန်ထိမှန်ကာ ဂွမ်ဆိုင်းအောင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တစ်ဖက်က ပြောကြားထားပြီး သေဆုံးသူများဖက်ကမူ တပ်သားက ပစ်ခတ်ခြင်း ဖြစ်သည်ဟု အငြင်းပွားခဲ့သည့် အမှုတစ်ခုဖြစ်သည်။

ယင်းသေဆုံးမှုအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအ၀င် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် တရားမျှတ၍ ပွင့်လင်းမြင်သာသော တရားစီရင်ရေးအတွက် မြစ်ကြီးနား ကျောင်းသား သမဂ္ဂအဖွဲ့နှင့် တက္ကသိုလ်ပေါင်းစုံမှ ယဉ်ကျေးမှု အဖွဲ့များ၊ ကချင် တစ်မျိုးသားလုံးဆိုင်ရာ လူငယ်ကွန်ရက် စသည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ 



FOLLOW US