News

POST TAGGED AS

ကျောင်းဝတ်စုံ

အရည်အသွေးမမီသော ကျောင်းဝတ်စုံများ ဖြန့်ဝေမှု စုံစမ်းစစ်ဆေးမည်
ပုသိမ်၊ ဇူလိုင် ၃၁

ဧရာဝတီတိုင်းရှိ အခြေခံကျောင်းများတွင် အရည်အသွေးမမီသည့် ကျောင်းဝတ်စုံများ ဖြန့်ဝေထုတ်ပေးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။ 

ဇူလိုင် ၃၁ ရက်က ကျင်းပသော တိုင်းလွှတ်တော်အစည်းအဝေးတွင် ပုသိမ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူထွေး၏ “အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများအတွက် ထောက်ပံ့သော အဖြူအစိမ်းကျောင်းဝတ်စုံများကို ခရိုင်အလိုက် အရည်အသွေးစိစစ်ရေး ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အတည်ပြုချက်မပါဘဲ ဆောင်ရွက်နေခြင်း”မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးက အထက်ပါအတိုင်းဖြေကြားသည်။ 

“ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များပါဝင်သော အရည်အသွေးစစ်ဆေးရေး ကော်မတီဖြင့် သတ်မှတ်အရည်အသွေး အဝတ်အထည်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ချုပ်ရိုးချုပ်သား ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးပြီးမှသာ လက်ခံပြီး ကျောင်းသား၊ ကျောင်းသူများသို့ ဆက်လက်ဖြန့်ဝေပေးရန် အကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။ 

ကျောင်းဝတ်စုံများကို အရည်အသွေး စစ်ဆေးရေးကော်မတီက စစ်ဆေးရာတွင် စာချုပ်ပါ စည်းကမ်းချက်များနှင့် မညီခြင်း၊ ချုပ်ရိုးချုပ်သားမကောင်းခြင်း၊ အရွယ်အစားမမှန်ခြင်းများရှိကြောင်း၊ ယင်းကြောင့် ကျောင်းသား၊ ကျောင်းသူများကိုမပေးဘဲ သက်ဆိုင်ရာ ကုမ္ပဏီကို ပြန်လဲပေးရန် မှတ်ချက်ပေးသော်လည်း ပညာရေးဌာနက ကျောင်းသား၊ ကျောင်းသူများကို ပေးလိုက်ကြောင်း မေးခွန်းရှင် ဦးအောင်သူထွေးက ပြောသည်။

“မနှစ်ကလည်း ဗလာစာအုပ်တွေ အရည်အသွေးမမီလို့ ပြောခဲ့ရတယ်၊ ဒီနှစ်မှာ ကျောင်းဝတ်စုံဖြစ်တယ်၊ နောင်နှစ်ကျရင် ဘာဖြစ်လာမလဲဆိုတာမသိနိုင်ဘူး၊ ဒါကြောင့် ပညာရေးဌာနက ဝန်ထမ်းတွေရဲ့ ဆောင်ရွက်မှုအရ ဒီမေးခွန်းကို မေးရတာပါ”ဟု ၎င်းက ဆိုသည်။ 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံခုနစ်သိန်းကျော်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ကျပ်သိန်း ၉၈၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ပုသိမ်ခရိုင်အတွက် စွမ်းအားမြင့်အထည်အလိပ် လုပ်ငန်းစုကို လုပ်ငန်းအပ်နှံ၍ တိုင်းပညာရေးမှူးရုံးနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ကျောင်းဝတ်စုံများတွင် ဆိုဒ်မမှန်ခြင်း၊ ဖျင်သားကိုက်ညီမှုမရှိခြင်း၊ အိတ်တစ်အိတ်ထဲတွင် ဆိုဒ်မျိုးစုံ ရောနှောပါဝင်နေခြင်း တွေ့ရှိရသဖြင့် အရည်အသွေး မပြည့်မီသောဝတ်စုံများကို ပြန်လဲလှယ်ပေးရန်နှင့် ရက်လွန်ပါက သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ကြောင်းကို စွမ်းအားမြင့် အထည်အလိပ်လုပ်ငန်းစုကို တိုင်းအစိုးရ အဖွဲ့ရုံးသို့ ၂ ကြိမ်တိုင် ခေါ်ယူသတိပေးခဲ့ကြောင်း လူမှုရေးဝန်ကြီးဌာနထံမှ သိရသည်။

R-11



FOLLOW US