News

POST TAGGED AS

ကျောင်းဆရာ

အမေရိကန်စာသင်ကျောင်း ရန်ပုံငွေအတွက် ကျောင်းဆရာများ ထောင်နှင့်ချီ၍ ဆန္ဒပြ


ချီကာဂို၊ ဧပြီ ၂

အမေရိကန်ကျောင်းဆရာ ထောင်ပေါင်းများစွာသည် တနင်္လာနေ့က ကင်တပ်ကီနှင့် အိုကလာဟိုးမားပြည်နယ်တွင် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး လုပ်ခလစာ တိုးမြှင့်ရန်နှင့် အစိုးရစာသင်ကျောင်းများသို့ ရန်ပုံငွေ ပိုမိုထောက်ပံ့ရန်တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း ရီပတ်ဘလစ်ကန်များ လွှမ်းမိုးသော ပြည်နယ်များတွင် ပညာရေးရန်ပုံငွေများ ဖြတ်တောက်ခြင်းခံခဲ့ရသည်။

ယခင်လက အနောက်ဗာဂျီးနီးယားမှ ကျောင်းဆရာများ ကိုးရက်ကြာ ဆန္ဒပြခဲ့ကြပြီးနောက် လေးနှစ်အတွင်း ပထမဆုံး လစာတိုးခဲ့ခြင်းက ဆန္ဒပြသူများကို နှိုးဆွပေးခဲ့ခြင်းဖြစ်သည်။ အရီဇိုးနားမှ ကျောင်းဆရာများကလည်း မတ်လကုန်တွင် သီးခြားဆန္ဒပြခဲ့ကြသည်။

အိုကလာဟိုးမားမြို့တော်တွင် ရှပ်နီဝတ်စုံ ဆင်တူဝတ်ကာ စုဝေးခဲ့ကြသော ဆန္ဒပြသူ ၃၀,၀၀၀ ခန့် ရှိမည်ဟု စီစဉ်သူများက ခန့်မှန်းသည်။

“ဒီကနေ့ မက်ဆေ့ခ်ျကတော့ ကလေးတွေအတွက်ပါ။ ပညာသင်ယူမယ့် ကလေးတွေ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးဖို့ပါ”ဟု အိုကလာဟိုးမား အစိုးရကျောင်းများ ဥက္ကဋ္ဌ ဂျွိုင်းဟော့မီစတာက ပြောကြားသည်။

တနင်္လာနေ့က ဆန္ဒပြပွဲများကြောင့် စာသင်ခန်း အတော်များများကို ပိတ်ပေးခဲ့ရသည်။ ကျောင်းဆရာများက တောင်းဆိုချက်များရရှိသည်အထိ ဆန္ဒပြကြဖွယ်ရှိသောကြောင့် အချို့ခရိုင်များတွင် ရက်အတန်ကြာ ကျောင်းပိတ်ရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ကင်တပ်ကီပြည်နယ် မြို့တော်ဖရန့်ဖတ်တွင်လည်း ကျောင်းဆရာ ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီး အစိုးရကျောင်း ၁၂၀ ခန့်ကို ပိတ်ထားခဲ့ရသည်ဟု သိရှိရသည်။

ကင်တပ်ကီမှ ကျောင်းဆရာများကလည်း ပင်စင်ခံစားခွင့်နှင့် အစိုးရကျောင်း ရန်ပုံငွေများ တိုးမြှင့်ရေးကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

အချို့ကျောင်းဆရာများကလည်း ၎င်းတို့၏လစာမှာ နည်းလွန်းသောကြောင့် လောက်ငှစေရန် စားသောက်ဆိုင်တွင် စားပွဲထိုးခြင်း၊ မြက်ရိတ်ခြင်းစသည့် ဒုတိယအလုပ်တစ်ခုကို လုပ်ကိုင်နေကြရသည်ဟု ပြောကြားကြသည်။

အချို့ကလည်း ဝင်ငွေနည်းသော ကျောင်းသားများကို ပညာသင်ကြားနေပေးသည့် ကျေးလက် စာသင်ကျောင်းများကို အစိုးရက ရန်ပုံငွေ ပိုပေးသင့်သည်ဟု အကြံပြုကြသည်။

အိုကလာဟိုးမားမှ ကျောင်းဆရာ ဂျက်ဆီကာက တောမြို့လေးဖြစ်သော မက်အယ်လက်စတာရှိသူမ၏ ကျောင်းတွင် မျက်နှာကြက်များ ပေါက်ပြဲ၊ ဖတ်စာအုပ်များ စုတ်ပြဲနေသော အခြေအနေကြောင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

၂၀၀၈ ခုနှစ်က စီးပွားရေးအကျပ်အတည်းကြောင့် ပညာရေးအသုံးစရိတ်များကို လျှော့ချဖြတ်တောက်ခဲ့ပြီး စီးပွားရေးပြန်ကောင်းလာချိန်တွင် အဆိုပါ အသုံးစရိတ်များကို ပြန်တိုးပေးရန် ပျက်ကွက်ခဲ့သော ပြည်နယ် ၁၂ ခုတွင် အိုကလာ ဟိုးမားပြည်နယ်ပါဝင်သည်ဟု သိရှိရသည်။

ကင်တပ်ကီသည် ယခုနောက်ဆုံး ဘတ်ဂျက်အစီအစဉ်တွင်လည်း ကျောင်းသားတစ်ဦးချင်းအတွက် ပညာရေးအသုံးစရိတ်ကို ထပ်မံဖြတ်တောက်ခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် ဘတ်ဂျက်နှင့် ဦးစားပေးမူဝါဒဆိုင်ရာ သုတေသနစင်တာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသားပညာရေးအသင်းချုပ် NEA ဥက္ကဋ္ဌ လီလီဂါဆီယာက “အစိုးရကျောင်းတွေကို ဆယ်နှစ်လောက် ရန်ပုံငွေ မပေးခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။ ဒီနေ့ ကျွန်မတို့ ထွက်မရပ်ရင် အချိန်နှောင်းသွားလိမ့်မယ်”ဟု ပြောကြားသည်။

F-04



FOLLOW US