POST TAGGED AS

ကျောင်းဆရာ

လာမည့်ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လျှောက်လွှာများခေါ်
ရန်ကုန်၊ မတ် ၈

လာမည့်ပညာသင်နှစ်အတွင်း ကိုယ်ပိုင်ကျောင်းများတွင် ဆရာအဖြစ်သင်ကြားလိုသူများအနေနှင့် မှတ်ပုံတင်လက်မှတ်များ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်လွှာများကို မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ပညာရေးမှူးရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘွဲ့လက်မှတ်၊ ဒီပလိုမာလက်မှတ်များနှင့်အတူ ဓာတ်ပုံ ၅ ပုံတို့ဖြင့် လျှောက်ထားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

“အရင်နှစ်တွေက လျှောက်ထားတဲ့သူရော၊ ဒီနှစ်မှလျှောက်တဲ့သူတွေရော၊ မှတ်ပုံတင်လျှောက်တဲ့သူအကုန်လုံးကို ဒီနှစ်မှ တစ်ခါတည်းရောပေးလိုက်မှာ”ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းရီက ပြောကြားသည်။

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းအထက်တန်းပြဆရာအဖြစ် လျှောက်ထားသူသည် ပညာရေးဘွဲ့၊ သင်ကြားမည့်ဘာသာရပ်နှင့်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်ဆိုင်ရာဘွဲ့၊ မဟာဘွဲ့နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး အလယ်တန်းနှင့် မူလတန်းအဆင့်သင်ဆရာများအဖြစ် ပညာရေးဘွဲ့၊ ဘာသာရပ်ဆိုင်ရာဘွဲ့၊ ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရှိသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားသူအားလုံးသည် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ဘာသာရပ်ပြဆရာအဖြစ် လုပ်သက် ၅ နှစ်အနည်းဆုံးရှိရမည်ဖြစ်ပြီး (အပြာရောင်ကတ်) တွဲဖက်သင်ရိုးဝင် သင်ရိုးအတွက် ဘာသာရပ်ဆိုင်ရာဘွဲ့ သို့မဟုတ် ဒီပလိုမာသင်တန်းဆင်းလက်မှတ် ရှိရမည်ဖြစ်သည်။

အခြေခံပညာ ဦးစီးဌာနအနေနှင့် ယခုနှစ်တွင် လျှောက်လွှာများ ထပ်မံခေါ်ယူနေသော်လည်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မှတ်ပုံတင်လျှောက်ထားသော ဆရာ၊ ဆရာမဦးရေ ၃၃၀၀ ခန့်ကိုပင် လက်မှတ်ထုတ်ပေးခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ပုဂ္ဂလိကအလွှာ အတွင်းရေးမှူး ဦးကျော်မင်းခန့်က ပြောကြားသည်။

J-19



FOLLOW US