News

POST TAGGED AS

ကျောင်းဆရာ

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဆရာ၊ ဆရာမများကို အခမဲ့ ကြို/ပို့ပေး
တောင်ငူ၊ သြဂုတ် ၂၄

ပဲခူးမြို့နယ်၊ ရေတာရှည်-ရေနီမြို့နယ်အတွင်းမှ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် နေ့စဉ်ကျောင်းသွားလာရသည့် ကျောင်းဆရာ၊ ဆရာမများကို မီနီဘတ်ယာဉ်များဖြင့် အခမဲ့ကြို/ပို့ပေးနေသည်။

စေတနာရှင်များနှင့် လူမှုရေးအသင်းများပေါင်း၍ ယင်းသို့ စီစဉ်ပေးခြင်း ဖြစ်ကြောင်း ရေတာရှည်မြို့နယ် အခမဲ့ ယာဉ်လိုင်းပြေးဆွဲရေး ကော်မတီနှင့် ပဲခူးမြို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းတို့ထံမှ သိရှိရသည်။

ရေတာရှည်မြို့နယ် အခမဲ့ ယာဉ်လိုင်းပြေးဆွဲရေးကော်မတီက ကြီးကြပ်၍ နေ့စဉ် နံနက် ၇ နာရီမှစ၍ ရေတာရှည်မြို့တွင်းမှ ရေနီကို ထွက်ခွာပြီး လမ်းတစ်လျှောက် ကျေးရွာများတွင်လည်း အတင်၊ အချ ပြုလုပ်ပေးကြောင်း ယင်းကော်မတီမှ ဦးမင်းခန့်က ပြောကြားသည်။

ထို့နောက် ရေနီသို့ ကျောင်းချိန်အမီပို့ပေးကြောင်း၊ ယင်းနောက်တွင် ကားဒရိုင်ဘာက ရေနီတွင် တစ်နေကုန်စောင့်၍ ညနေ ၃နာရီခန့်တွင် ရေတာရှည်ကို ပြန်ပို့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။
ရေတာရှည်-ရေနီ ကြို/ပို့ကို သြဂုတ်လ ၂၃ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ရန် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၃၅ ယောက်စီး မီဆူဘီရှီ အမျိုးအစား မီနီဘတ်ယာဉ်တစ်စီး လှူဒါန်းပေးသည်။

လိုအပ်သည့် စက်သုံးဆီကို ရေတာရှည် အနီးတစ်ဝိုက် ဖွင့်လှစ်သည့် စက်သုံးဆီ အရောင်းဆိုင်များက လှူဒါန်ပေးပြီး ကားဒရိုင်ဘာစရိတ် တစ်လ နှစ်သိန်းကျပ်ကို ကော်မတီက အကုန်အကျခံကြောင်း ရေတာရှည်မြို့နယ် လူမှုကူညီရေးအဖွဲ့ထံမှ သိရှိရသည်။

ရေတာရှည်မြို့ခံ ကျောင်းဆရာမတစ်ဦးက "အရင်ကဆို ကျွန်မတို့ တာဝန်ကျတဲ့ ကျောင်းကို ဆိုင်ကယ်နဲ့ သွားရင်သွား၊ ဒါမှမဟုတ်ရင် လမ်းမှာ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေကို တားပြီး ဖြစ်သလို လိုက်ကြရတယ်။ အခုလို စီစဉ်ပေးတော့ ဆရာ၊ ဆရာမတွေ အဆင်ပြေတာပေါ့” ဟု ပြောကြားသည်။

ရေတာရှည်-ရေနီ ကျောင်းကြို/ပို့သကဲ့သို့ ပဲခူးမြို့ခံ ကျောင်းဆရာ၊ ဆရာမများကိုလည်း ဇွန်လ ၁၅ ရက်မှစ၍ လူစီးသီးသန့် ကားတစ်စီးဖြင့် နေ့စဉ် အခမဲ့ပို့ဆောင်ပေးနေကြောင်း ပဲခူးမြို့ခံ ကလျာဏမိတ္တ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ဦးကုလားက ပြောကြားသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် တာဝန်ကျရာ သွားလာရသည့် ကျောင်းဆရာ၊ ဆရာမများကို အခမဲ့ပို့ဆောင်ပေးနေသကဲ့သို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်မှ စတင်ပြီး ရန်ကုန်မြို့အခြေစိုက် မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအဖွဲ့ကလည်း ရန်ကုန်မှ ပဲခူးမြို့နယ်အစပ် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် နေ့စဉ် ကြို/ပို့ လုပ်ဆောင်ပေးခဲ့သည်။

R-15
ဓာတ်ပုံ-မင်းခန့်



FOLLOW US