News

POST TAGGED AS

ကျောင်းကား

အိန္ဒိယမီးရထားက အလုပ်နေရာ ၉၀၀၀၀ အတွက် အလုပ်ခေါ်ယူရာ လျှောက်ထားသူ ၂၈ သန်းကျော်ထိရှိ


ဒေလီ၊ မတ် ၃၁ 

အိန္ဒိယနိုင်ငံ၏ အများပိုင်မီးရထား ဆက်သွယ်ရေးလုပ်ငန်းက အမြောက်မြားဆုံး အလုပ်ခေါ်ယူမှုကြီး ပြုလုပ်ခဲ့ရာ ဌာနသို့ အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားလာသူ စုစုပေါင်း ၂၈ သန်းအထိရှိခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

Times of India သတင်းစာ၏ ရေးသားဖော်ပြချက်အရ အိန္ဒိယမီးရထား အရာရှိကြီးများသည် လာရောက်အလုပ်လျှောက်မည့်သူ ၉၀၀၀၀ ခန့်ရှိနိုင်သည်ဟု ကြိုတင်ခန့်မှန်းခဲ့ကြသော်လည်း အလုပ်လျှောက်လွှာတင်ရမည့် နောက်ဆုံးနေ့ နီးကပ်လာသည်နှင့်အမျှ လျှောက်ထားလာသူဦးရေ အဆမတန်မြင့်တက်လာကြောင်း သိရသည်။ 

အိန္ဒိယမီးရထား၏ အလုပ်ခေါ်ယူမှု ကြေညာချက်တွင် မီးရထားစက်ခေါင်းမောင်းနှင့် စက်ပြင်အင်ဂျင်နီယာ ရာထူးအတွက် ၂၆၅၀၂ ဦး၊ သံလမ်းပြုပြင် ထိန်းသိမ်းရေး၊ ဂဟေဆော်သူအပါအဝင် အထွေထွေလုပ်သား ၆၂၉၀၇ ဦးလိုအပ်ကြောင်း ဖော်ပြခဲ့ရာ ယင်းအလုပ်ခေါ်ကြော်ငြာသည် အိန္ဒိယမီးရထားလုပ်ငန်းအတွက် အကြီးမားဆုံးအလုပ်ခေါ်ယူမှုအဖြစ် စံချိန်တင်ခဲ့သည်။ 

ကမ္ဘာပေါ်တွင် အလုပ်သမားဝန်ထမ်း ခန့်အပ်နိုင်မှု၌ အဆင့် ၈ နေရာတွင်ရှိသော အိန္ဒိယမီးရထားလုပ်ငန်း၏ လက်ရှိတာဝန် ထမ်းဆောင်နေသူဝန်ထမ်းပေါင်း ၁ ဒသမ ၄ သန်းခန့်ရှိသည်။ 

အိန္ဒိယမီးရထားသည် ယခုအခါ ဒေါ်လာ ၁၃၀ ဘီလီယံကုန်ကျမည့်ခေတ် မီဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကြီးတစ်ရပ်ကို စတင်အကောင်အထည်ဖော်လျက်ရှိသည်။ 

“လွန်ခဲ့တဲ့ ၂ နှစ်တာကာလလောက်က ကျွန်တော်တို့ ဝန်ထမ်းခေါ်ယူတာ မလုပ်ခဲ့ပါဘူး။ အခုမှစပြီး ဝန်ထမ်းတွေ စခေါ်တာပါ”ဟု အိန္ဒိယမီးရထားလုပ်ငန်း ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ အက်ရှ်ဝါနီလိုဟာနီက ပြောကြားသည်။ 

အိန္ဒိယအစိုးရကလည်း တစ်နာရီလျှင် မိုင် ၁၀၀ အထိမောင်းနှင်နိုင်မည့် မြန်နှုန်းမြင့်မီးရထားဝန်ဆောင်မှုကို မြို့တော်နယူးဒေလီအထိပေးနိုင်အောင် တိုးချဲ့သွားမည်ဖြစ်သည်ဟု မတ်လဆန်းပိုင်းတွင် ကြေညာခဲ့သည်။ 

အိန္ဒိယ၏ ပထမဆုံး မြန်နှုန်းမြင့် မီးရထားဝန်ဆောင်မှုမှာ တည်ဆောက်ဆဲဖြစ်ပြီး စီးပွားရေးမြို့တော် မွမ်ဘိုင်းမှအာမီဒါ ဘတ်တို့ကို ချိတ်ဆက်ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်သည်။ 

အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ အိန္ဒိယမီးရထားလုပ်ငန်းအနေနှင့် ဧပြီလမှစတင်ကာ ဝန်ထမ်းသစ်နေရာ ၂၀၀၀၀ ကို စတင်ခန့်အပ်မည်ဖြစ်သည်။ အလုပ်လျှောက်ထားသူများအနေနှင့်မူ အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းခွင်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ ယင်းသို့ဖြေဆိုရာတွင် ဟိန္ဒူ၊ အင်္ဂလိပ်၊ အူဒူ၊ ဘင်္ဂါလီ၊ ပွန်ဂျာဘီ၊ ဂူဂျာရတ်တီ၊ တမီလ်၊ တယ်လ်လူဂူ စသည့်ဘာသာတို့ဖြင့်လည်း ဖြေကြားနိုင်ကြောင်း Times of India က ဖော်ပြသည်။ ထို့ပြင် ၎င်းတို့အနေနှင့် ကျန်းမာရေးကောင်းမွန်မှု ရှိ၊ မရှိကိုလည်း စမ်းသပ်စစ်ဆေးခံရမည် ဖြစ်သည်ဟုဆိုသည်။

F-01



FOLLOW US