News

POST TAGGED AS

ကျောက်ကြီးမြို့

စာမေးပွဲများ ဖြေဆိုနေချိန် ဈေးပွဲတော်လုပ်သဖြင့် ကျောင်းသားမိဘများတိုင်ကြား
တောင်ငူ၊ ဖေဖော်ဝါရီ ၂၀

အခြေခံပညာ စတုတ္ထတန်းနှင့်ဆဋ္ဌမ တန်းကျောင်းသား၊ ကျောင်းသူများ အစိုးရစစ်စာမေးပွဲ ဖြေဆိုနေချိန်တွင် ကျောက်ကြီးမြို့နယ် နတ်သံကွင်း အုပ်ချုပ်ရေးမှူးက ဈေးပွဲတော် ကျင်းပခွင့်ပေးခဲ့သဖြင့် ကျောင်းသားမိဘများက ဖေဖော်ဝါရီလ ၁၉ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ တိုင်ကြားထားသည်။ 

“အစိုးရစစ်စာမေးပွဲဆိုတာ ကျောင်းသားတွေအတွက် အရေးကြီးပါတယ်။ခုလိုအချိန်မှာ ဈေးပွဲတော်ကျင်းပခွင့် ပေးတာမျိုး မဖြစ်သင့်ဘူ။ ညပိုင်းမှာ ဈေးသည်တွေဖွင့်တဲ့ ဆောင်းဘောက်သံတွေ သာမက တစ်ညလုံးနီးပါး ဆူညံနေလို့တိုင်ခဲ့တာ”ဟု နတ်သံကွင်း အထကကျောင်းမှ ဆဋ္ဌမတန်း ကျောင်းသူတစ်ဦး၏ဖခင် ဦးနေလင်းအောင်က ပြောသည်။ 

အဆိုပါ စာမေးပွဲကို နတ်သံကွင်းဒေသ ရပ်ကွက်ကျေးရွာများတွင် အထက နတ်သံကွင်း၊ အမှတ် ၆ ရပ်ကွက် မူလတန်းလွန်ကျောင်းနှင့် တံခွန်တိုင် မူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ ၃၅၀ ခန့် ဝင်ရောက်ဖြေဆိုနေကြောင်း တံခွန်တိုင်မူလတန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပညာရေးဌာနကတော့ အသံဆူညံမှုနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးဌာနကို တာဝန်ပေးအပ်ထားတာမျိုး ရှိပါတယ်။ မနက် ၆ ည ၆ အတွင်း အသံဆူညံမှုတွေ မလုပ်ဖို့ထိန်းချုပ်ပေးဖို့ ဆိုတာပေါ့”ဟု ၎င်းက ရှင်းပြသည်။ 

အစိုးရစစ် စာမေးပွဲကာလ ဈေးပွဲတော် ကျင်းပခွင့်ပြုခဲ့သည်ဟုဆိုပြီး တိုင်ကြားခံရသည့် နတ်သံကွင်းအုပ်ချုပ်ရေးမှူးထံ The Voice သတင်းစာက ဖေဖော်ဝါရီလ ၂၀ ရက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

နတ်သံကွင်း ဈေးပွဲတော်ကြီးကို အနီးကပ်မှလာတင်ခြင်းဖြစ်ပြီး နတ်သံကွင်း ဘောလုံးကွင်းတွင် ကျင်းပခြင်းဖြစ်သောကြောင့် စာသင်ကျောင်းနှင့် ဝေးကွာသည့်အတွက် ခွင့်ပြုခဲ့ကြောင်း ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က ပြောကြားသည်။

ဈေးရောင်းပွဲတော်နေရာမှာ မြို့ပေါ်ရပ်ကွက်နှင့် ဝေးကွာသော်လည်း ကျောင်းသား၊ ကျောင်းသူအားလုံးမှာ မြို့ပေါ်တွင် နေထိုင်သည်များ မဟုတ်သဖြင့် ညပိုင်းစာကျက်ချိန်တွင် ဈေးရောင်းပွဲတော်မှ ထွက်လာသော အသံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံများထံမှ သိရသည်။ 

R-15




FOLLOW US