News

POST TAGGED AS

ကျောက်မီးသွေး

လူရှစ်ဦး သေဆုံးသည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျမှု ကုမ္ပဏီပိုင်ရှင်နှင့် တာဝန်ခံကို အမှုဖွင့်၊ လုပ်ငန်းပိတ်သိမ်း
ရန်ကုန်၊ နိုဝင်ဘာ ၃၀ 

ပေါက်ကွဲ ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့သော ကျောက်မီးသွေးတွင်းကို လုပ်ငန်း ပိတ်သိမ်းကာ ကုမ္ပဏီပိုင်ရှင် အမျိုးသားနှင့် လုပ်ငန်းတာဝန်ခံ အမျိုးသားကို စကုနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်တစ်လုံး မြေနီကွင်းရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ထိခိုက်သေဆုံးသွားသူများကို လူမှုကရုဏာကြေး ပေးအပ်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့​ရုံးတာဝန်ရှိသူများ၊ မင်းဘူးခရိုင်အထွေ ထွေအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးနေပြီး ဆုံးဖြတ်ပြီးပါက သေဆုံးသူများ၏ မိသားစုထံ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ကုမ္ပဏီကို သယံဇတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်း ပိတ်သိမ်းထားကာ တရားစွဲဆိုမှု အနေနှင့် ဥပဒေအတိုင်း ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်က ပြောကြားသည်။

“သေဆုံးသွားတဲ့ အလုပ်သမားတွေအပေါ် အလုပ်သမား ဥပဒေအတိုင်း နစ်နာကြေးပေးဖို့ တွက်လိုက်တဲ့အချိန်မှာ တစ်ယောက်ကို လေးသိန်းခွဲလောက်ပဲ ရှိတယ်၊ အဲဒါကြောင့် လူမှုဖူလုံရေးကြေး ပေးအပ်ဖို့နဲ့ လျော်ကြေးမဟုတ်ဘဲ လူမှုကရုဏာကြေးပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွန်ကြားထားတဲ့အတိုင်း ညှိနှိုင်းဆွေးနွေးနေတယ်၊ ဒီနေ့တော့ ဆုံးဖြတ် မရသေးဘူး၊ လုပ်ငန်းကတော့ အပြီးအပိုင် ပိတ်ထားလိုက်ပြီ”ဟု ဦးနေမျိုးကျော်က ရှင်းပြသည်။

ယင်းကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် အမှုဖွင့်ခံရသူများမှာ အသက် ၃၈ နှစ်အရွယ် ကုမ္ပဏီပိုင်ရှင် ဦးချစ်ဟန်နှင့် အသက် ၃၉ နှစ်အရွယ် လုပ်ငန်းခွင် တာဝန်ခံ ဦးအောင်ကျော်လင်းတို့ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က ၎င်းတို့ လုပ်ကိုင်နေသည့် ကျောက်မီးသွေးတွင်းထဲသို့ လေတွန်း ပို့ထားသည့်ပိုက် ချုပ်ရိုးပြုတ်ထွက်ကာ တွင်းသားများ ပြိုကျခဲ့ပြီး အလုပ်သမား ၁၀ ဦးအနက် ၈ ဦး ပိတ်မိကာ ပိတ်မိသည့် ရှစ်ဦးစလုံး သေဆုံးခဲ့သည်။

“ပိတ်မိပြီး သေသွားတဲ့သူထဲမှာ တရုတ်နိုင်ငံသား ကျောက်မီးသွေးတွင်း ပညာရှင်တစ်ဦး ပါတယ်၊ ကျန်တဲ့သူတွေက မြန်မာပြည်က အလုပ်သမားတွေပါ၊ ဆေးရုံပို့လိုက်ရတဲ့သူတွေက ဘာမှမဖြစ် ဘူး၊ အတွင်းထဲမှာ ပိတ်မိတဲ့သူတွေ အားလုံး သေသွားတယ်၊ မနေ့က (နိုဝင်ဘာ ၂၉) ညနေ ၄ နာရီလောက်မှ အလောင်းအားလုံး ဖော်ထုတ်နိုင်ခဲ့တယ်}}ဟု အိုင်မနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့က နှစ်လောင်း၊ နိုဝင်ဘာလ ၂၈ က ရုပ်အလောင်း လေးလောင်းနှင့် နိုဝင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်က နောက်ဆုံး ကျန်ရှိနေသည့် ရုပ်အလောင်းနှစ်လောင်း ထပ်မံ ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းထုတ်ဖော်ရရှိသည့် ရုပ်အလောင်းများတွင် တရုတ်နိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်း ပါဝင်ကြောင်း၊ ယင်းပြိုကျခဲ့သည့် ကျောက်မီးသွေးတွင်းမှာ မကွေး တိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ ငဖဲမြို့နယ် အရှေ့ဘက် ၄ မိုင် ခန့်အကွာ၊ ငဖဲ-ရွှေစက်တော် လမ်းဘေး သုံးမိုင်ခန့်အကွာတွင် တည်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

J-16



FOLLOW US