News

POST TAGGED AS

ကျောက်မီးသွေး

ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံကို ဒေသခံများ ကန့်ကွက်
ဘားအံ၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံစီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ ထုံးတောင် ဒေသခံများက ကရင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးထားသည့်စာကို ပေးအပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

“ကျွန်တော် ဖြစ်စေချင်တာက ကိုယ်ယုံကြည်တဲ့လက်ထက်မှာ အစိုးရနဲ့ပြည်သူ ပွင့်ပွင့်လင်းလင်းနဲ့ မျှမျှတတ ရှိစေချင်တယ်၊ အစိုးရဘက်က စီမံကိန်းလုပ်မယ် ဆိုရင် ကောင်းကျိုးအတွက်မျှော်မှန်းပေမယ့် ဆိုးကျိုးလည်းရှိနိုင်တယ်။ အခုဒေသ ကခေါင်တော့ ဒေသခံဆိုတာက အတွေ့အကြုံက နည်းပါတယ်။ ဗဟုသုတကလည်း နည်းပါးတယ်။ ဒီစီမံကိန်း မစတင်ခင်မှာ အစိုးရဘက်က သေချာရှင်းပြသင့်တယ်”ဟု ထုံးတောင်ကျေးရွာမှ စောဆထူးက ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်စက်ရုံတည် ဆောက်ရေးကိစ္စနှင့် ပတ်သက်၍ ဝတ်ကြီးကျေးရွာ အပါအဝင် ကျေးရွာ ၁၁ ရွာမှ ဒေသခံများနှင့် တွေ့ဆုံရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်က လာရောက်တွေ့ဆုံစဉ် အဆိုပါဒေသ ကျေးရွာ ၁၉ ရွာမှ ဒေသခံ ၃၉၈၅ ဦးက ကျောက်မီးသွေး လျှပ်စစ်စက်ရုံစီမံကိန်း အလိုမရှိကြောင်း၊ ဆန္ဒပြု လက်မှတ် မှတ်တမ်းစာအုပ်ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

“ကျွန်မ အခုကျေးရွာထဲကို ဝင်လာတော့ ကျွန်မ စိတ်မကောင်းပါဘူး။ NO Coal တဲ့ ကျောက်မီးသွေး အလိုမရှိ ဆိုင်းဘုတ်တွေ တပ်ထားတယ်။ အမှန်က တပ်ထားရမှာကတော့ NO drugs လို့ တပ်ထားရမှာပါ။ ပြည်နယ်ထဲမှာ ၇၀ ရာခိုင်နှုန်းလောက် လူငယ်ထဲမှာ စိမ့်ဝင်ပျက်စီးနေပြီ။ ငါတို့အတွက် အရေးကြီးပါလား။ ငါတို့ရွာထဲမှာ မူးယစ်ဆေး အလိုမရှိ၊ မူးယစ်ဆေးဝါး အဝင်မခံဘူး။ ဒီလိုမျိုး စိတ်ဓာတ်ရှိနေရမယ့် အချိန်ပါ”ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ဆိုသည်။

အဆိုပါဝတ်ကြီး ကျေးရွာအုပ်စုတွင် နှစ် ၃၀ BOD စနစ်ဖြင့် အမေရိကန် ဒေါ်လာသန်းပေါင်း သုံးထောင်ခန့် ရင်းနှီးမြှုပ်နှံ၍ TOYO THAI POWER Myanmar Co.,Ltd.-TTCL မှ လျှပ်စစ်ဓာတ်အား (၁၂၈၀မဂ္ဂါဝပ်) ထွက်ရှိသည့် ခေတ်မီနည်းပညာသုံး USL နည်းပညာဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး ရရှိသော ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့တင်ကာ ပြည်တွင်းသို့သာ ရောင်းချသွားမည်ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် ရာနှုန်းပြည့် အာမခံကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားထားသည်။

R-17



FOLLOW US