News

POST TAGGED AS

ကော်မရှင်

03-Sep-2016

ရခိုင်
ရခိုင်သို့လာရောက်မည့် ကိုဖီအာနန်ကို လူမှုကွန်ရက်များ စုပေါင်းဆန္ဒဖော်ထုတ်မည်
စစ်တွေ၊ စက်တင်ဘာ ၃

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေတွင် လူမှုကွန်ရက်များစုပေါင်းကာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ယင်းသို့ဆန္ဒဖော်ထုတ်ရန် ဦးဆောင်စီစဉ်သူတစ်ဦးက ပြောဆိုသည်။

“ကိုဖီအာနန်လာမယ့် စက်တင်ဘာ ၆ ၇က်မှာ လေယာဉ်ကွင်းကနေ ဆန္ဒဖော်ထုတ်မှာပါ။ စက်တင်ဘာ ၅ရက်နေ့မှာတော့ စစ်တွေမြို့ ၀င်္ကဘာကွင်းမှာ ဆန္ဒဖော်ထုတ်ပြီး ဟောပြောပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဓိကက ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းအရေးပဲ ဖြစ်တယ်။ ပြည်တွင်းပညာရှင်တွေနဲ့ ဖြေရှင်းလို့ရတာကို နိုင်ငံတကာကို ဖိတ်ခေါ်သလိုဖြစ်နေတဲ့ နိုင်ငံခြားသားတွေကို ခန့်အပ်တာကို လက်မခံနိုင်လို့ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရတာဖြစ်ပါတယ်”ဟု စစ်တွေမြို့မှ ဒေသခံ ဦးအေးထွန်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ၂၀၁၂ ပဋိပက္ခများကြောင့် ရခိုင်အရေးစုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပြီး စိစစ်တွေရှိချက်များကို ယခုအချိန်ထိ အကောင်အထည်မဖော်ဘဲ ထပ်မံပြီး နိုင်ငံခြားသားတွေကိုခေါ်ပြီး ထပ်ဖွဲ့ခြင်းကို လုံးဝလက်မခံနိုင်ကြောင်း စစ်တွေမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသူရိန်စိုးက ပြောသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် သက်ဆိုင်ရာသို့ တရားဝင်ခွင့်ပြုချက်တင်ထားပြီးဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အနှံ့ မြို့အားလုံးတွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြောင်း ရခိုင်လူမှုကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်အဖွဲ့၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်အမျိုးသားပါတီ(ANP)ပါတီအနေဖြင့် လက်ခံတွေ့ဆုံသွားမည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်အဖွဲ့သည် စစ်တွေသို့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး တစ်ညအိပ်ခရီးစဉ်အဖြစ် စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း(IDPs)များသို့ သွားရောက်ကာ စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ဓာတ်ပုံ - EPA/BAS CZERWINSKI

  • VIA


FOLLOW US