News

POST TAGGED AS

ကော်မတီ

ရသေ့တောင်နှင့် မြောက်ဦး ကိစ္စများကြောင့် ဖမ်းဆီးခံရသူများကို ကူညီရန် ကော်မတီ ဖွဲ့စည်း
စစ်တွေ၊ ဇန်နဝါရီ ၂၅ 

ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ် ကိစ္စရပ်များနှင့်ပတ်သက်၍ ဖမ်းဆီး ချုပ်နှောင်ခံရသူများ၊ အရေးယူခံရမည့်သူများကို ဥပဒေပိုင်းဆိုင်ရာမှ အထောက်အကူပြုနိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီက ဥပဒေ အထောက်အကူပြု ကော်မတီ ဖွဲ့စည်းကြောင်း ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သည်။

“ရှေ့နေငှားဖို့ မတတ်နိုင်တဲ့လူတွေ၊ ဘယ်လို အကူအညီ တောင်းရမလဲမသိတဲ့သူတွေကို ရှေ့နေလည်း လိုက်ပေးနိုင်အောင် ပြီးတော့ ဥပဒေရေးရာ ရှင်းလင်းမှုတွေကို ပြည်သူလူထုကြားမှာ အကြောက်တရားတွေ မလွှမ်းမိုးဖို့ ဆိုးကျိုးသက်ရောက်မှုတွေကို ဥပဒေဘောင်တွင်းက ကုစားနိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တာ ဖြစ်တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

အဆိုပါ ဥပဒေ အထောက်အကူပြု ကော်မတီ၌ ဦးကျော်သန်း(အထက်တန်းရှေ့နေ)၊ ဦးသာပွင့်(အထက်တန်းရှေ့နေဟောင်း) ဦးဘရှိန်(တရားလွှတ်တော်ရှေ့နေ)၊ ဒေါ်အေးနုစိန်(တရားလွှတ်တော်ရှေ့နေ)၊ ဦးတင်ညို(တရားလွှတ်တော်ရှေ့နေ) နှင့် ဦးထွန်းအောင်ကျော်( အထက်တန်းရှေ့နေ) စသည့် ရှေ့နေ ၆ ဦးတို့ပါဝင်သည်။

ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၅ ရက်နေ့က ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့က စာပေဟောပြောရာတွင် နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိပါးစေသည့် အသုံးအနှုန်းဖြင့် ဟောပြောခဲ့သောကြောင့် ၎င်းနှစ်ဦးအပြင် ပွဲစီစဉ်သူတို့ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် အမှုဖွင့်ထားသည်။ 

ထို့အပြင် မြောက်ဦးမြို့၌ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင် ဦးဆောင်သူများကိုလည်း နိုင်ငံတော်ပုန်ကန်မှုဖြင့် အမှုဖွင့်ထားသည်။ 

အလွန်ပြင်းထန်သည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းမှာ မဖြစ်သင့်ဘဲ ဆီလျော်သော ပုဒ်မတစ်ခုခုဖြင့် အရေးယူသင့်ကြောင်း ဥပဒေအထောက်အကူပြု ကော်မတီဝင် ဒေါ်အေးနုစိန် ကဆိုသည်။ 

R-22



FOLLOW US