News

POST TAGGED AS

ကော်မတီ

ဗကသ ညီလာခံဖော်ဆောင်ရေးကော်မတီ ဖွဲ့စည်း
ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ညီလာခံကျင်းပနိုင်ရေး ဗကသညီလာခံ ဖော်ဆောင်ရေးကော်မတီကို အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဇန်နဝါရီလ ၂၁ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း ဗကသအဖွဲ့ချုပ်ထံမှ သိရှိရသည်။

ဗကသညီလာခံ ဖြစ်မြောက်ရေး ရတနာပုံတက္ကသိုလ်တွင် ဇန်နဝါရီလ ၂၀ ရက်မှ ၂၁ ရက်အထိ ကျောင်းပေါင်း ၂၆ ကျောင်းခန့်မှ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ပြီး ညီလာခံဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းကော်မတီတွင် ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ ရမည်းသင်း နည်းပညာတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သတတက္ကသိုလ် ကျောင်းသားသမဂ္ဂများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည်။

ကော်မတီအနေနှင့် ညီလာခံဖြစ်မြောက်ရေး အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး သမဂ္ဂ မဖွဲ့စည်းရသေးသော ကျောင်းများတွင် သမဂ္ဂဖွဲ့စည်းရန် စည်းရုံးမှုများလုပ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်း ကော်မတီအဖွဲ့ဝင် ကိုကျော်သီဟရဲကျော်က ပြောဆိုသည်။

၂၀၁၅ ခုနှစ်မှစတင်ကာ ဗကသညီလာခံဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့သော်လည်း ကျင်းပရန်ကြန့်ကြာနေသော ညီလာခံကို ၂၀၁၈ ပညာသင်နှစ်လယ်ပိုင်းတွင် ကျင်းပနိုင်မည်ဟု လတ်တလော လျာထားကြောင်း ဗကသအဖွဲ့ချုပ်ထံမှ သိရှိရသည်။

ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပညာရေးတာဝန်ခံ ကိုနောင်ထက်အောင်က “ညီလာခံတစ်ခု ဖော်ဆောင်ဖို့ အရမ်းလွယ်တဲ့ ကိစ္စဖြစ်တယ်။ လောလောဆယ် အစိုးရကလည်း ခွဲခြားဆက်ဆံမှုတွေရှိနေတယ်။ ဒါကြောင့်မို့လည်း မနည်းရုန်းရမယ်”ဟု ဝေဖန်သည်။

ဗကသ ညီလာခံကျင်းပရေး ကော်မတီ၏ လုပ်ငန်းအသေးစိတ် အချက်အလက်များကို ယခုနှစ်မတ်လတွင် အပြီးဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း အဆိုပါ ဗကသ ညီလာခံဖော်ဆောင်ရေး ကော်မတီထံမှ သိရှိရသည်။  

J-19



FOLLOW US