News

POST TAGGED AS

ကော်မတီ

ကျား မ တန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာစာတမ်း ထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၁၅

ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ နိုင်ငံရေးပါတီများ၊ အစိုးရနှင့် လွှတ်တော်ကဏ္ဍများတွင် အမျိုးသမီးများအနေနှင့် ကိုယ်စားပြုပါဝင်နှုန်းများကို မြှင့်တင်ရမည်ဟူသော အချက်များပါသည့် ကျားမတန်းတူရေးမြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာစာတမ်းကို ဇန်နဝါရီလ ၁၅ ရက်က ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အကြံပြုစာတမ်းကို သံလွင်ပြည်သူ့ရေးရာ မူဝါဒမြှင့်တင်ရေးအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ ပူးပေါင်းထုတ်ဝေခြင်းဖြစ်သည်။

“မူဝါဒအရ အကောင်အထည် မဖော်ပေးရင် ပါတီတွင်းမှာသော်လည်းကောင်း၊ အစိုးရအဖွဲ့ထဲမှာသော်လည်းကောင်း အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းက တက်လာမှာမဟုတ်ဘူး။ အခုလိုမျိုး ပြဋ္ဌာန်းပေးလိုက်ရင် နောင်အခါမှာ ဦးဆောင်နိုင်မယ့် အမျိုးသမီးတွေ အများကြီးထွက်ပေါ်လာနိုင်တယ်”ဟု (လုပ်ငန်းစဉ်တွဲဖက် တာဝန်ခံ) ဦးရှိုင်းကိုကိုလွင်က ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်သည့်အခါ ဗဟိုအလုပ်အမှုဆောင် စာရင်းနှင့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရာတွင် အနည်းဆုံးအမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာစေရန် သက်ဆိုင်ရာ ဥပဒေများတွင် ဖြည့်စွက်ပြဋ္ဌာန်းသင့်ကြောင်း အဆိုပါ စာတမ်းက အကြံပြုထားသည်။

“အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်သင့်တယ်ဆိုတာက ဖြစ်သင့်ပါတယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ တချို့အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိတယ်လို့ မခံယူသေးတဲ့သူတွေလည်း ရှိနေတယ်။ ဒါကြောင့် အမျိုးသမီးတွေပါဝင်မှုကို အားလုံးဝိုင်းပြီးတော့ မြှင့်တင်နိုင်ဖို့ အခုလိုမျိုး သတ်မှတ်သင့်ပါတယ်”ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။

ထို့ပြင် ယင်းစာတမ်းတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၃ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးမှုအဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာရေးကို အကောင်အထည်ဖော်သင့်ကြောင်း အကြံပြုချက်များလည်း ပါဝင်သည်။

လက်ရှိမြန်မာနိုင်ငံမှာရှိသည့် နိုင်ငံရေးပါတီများတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်စာရင်း၌ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသားများသာဖြစ်ကြောင်းနှင့် လက်ရှိလွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှု ၁၆ ရာခိုင်နှုန်းရှိကြောင်း ကျား၊ မ တန်းတူရေး လုပ်ရှားဆောင်ရွက်သူများထံမှ သိရသည်။

J-14



FOLLOW US