News

POST TAGGED AS

ကော်မတီ

သံဈေးတွင် အေးခဲဝက်သား ရောင်းချသူများကို စည်ပင် ဖမ်းဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၅

လမ်းမတော်မြို့နယ် သံဈေးတွင် နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီကျော်က ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းရောင်းချနေသော အေးခဲဝက်သားအချိန် ပိဿာ သုံးဆယ်ခန့်ကို စစ်ဆေးရေးအဖွဲ့က ရှောင်တခင် စစ်ဆေး၍ ဖမ်းဆီးအရေးယူထားကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနထံမှ သိရသည်။

“အေးခဲဝက်သားက အလေးချိန် ပမာဏ များတယ်။ စုစုပေါင်း ရောင်းတဲ့ ဈေးသည်ငါးဦးကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အမြန်ဆုံး တရားစွဲတင်သွားမယ်”ဟု တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီအောက်ရှိ အေးခဲအသားနှင့် ပုပ်သိုးအသားများ တင်သွင်း ရောင်းချမှုကို ကြီးကြပ် စစ်ဆေးနေသည့် စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး  အန္တရာယ် ဖြစ်စေသော စားဖွယ်သောက်ဖွယ်ကိုရောင်းခြင်း ရာဇသတ်ကြီးပုဒ်မ ၂၇၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန၏ အုပ်ချုပ်မှုအောက်တွင် ဖွင့်လှစ်ထားသော ဈေးပေါင်း ၁၈၀ ကျော်ကို အေးခဲအသားများ ရောင်းချမှု မရှိစေရေးအတွက် နေ့စဉ် ရှောင်တခင် စစ်ဆေးလျက်ရှိကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။

ယခုနှစ် ၁၁ လအတွင်း တရားမဝင် အေးခဲအသားများ ရောင်းချမှုကြောင့် စည်ပင်သာယာမှ တရားလိုပြုလုပ်၍ တရားစွဲသူပေါင်း ၅၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-17



FOLLOW US