News

POST TAGGED AS

ကော့မှူး

ကော့မှူးမြို့နယ်တွင် သင်္ဘောကြီးများဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်မည်
ရန်ကုန်၊ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း ပြည်ပသင်္ဘောကြီးများ ဝင်ထွက်နိုင်မည့် အကြီးစားဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရက တိုင်းလွှတ်တော်သို့ အဆိုပြုခဲ့သည်။

အဆိုပါ ဆိပ်ကမ်းဆောက်လုပ်မည့်လုပ်ငန်း စီမံကိန်းအစီရင်ခံစာကို ဇွန်လ ၅ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆိပ်ကမ်းအမျိုးအစားသည် ဘက်စုံသုံး ဆိပ်ကမ်းအမျိုးအစား  ဆိပ်ကမ်းဖြစ်ပြီး စက်သုံးဆီသိုလှောင်စခန်းနှင့် အခြားပြည်ပပို့ကုန်၊ သွင်းကုန်များကို လက်ခံနိုင်မည့် ဆိပ်ကမ်းအမျိုးအစားဖြစ်ကြောင်း တိုင်းအစိုးရက တင်သွင်းသည့် အဆိုပြုချက်တွင် ဖော်ပြထားသည်။

ဆိပ်ကမ်းတည်နေရာသည် ကော့မှူးမြို့နယ် သရက်တောကျေးရွာနှင့် ကွမ်းခြံကုန်းမြို့နယ် တော်ခလူးကျေးရွာကြားတွင် တည်ရှိပြီး ဆောက်လုပ်ရန် မြေဧရိယာ ၁၀၅၃ ဧကခန့် လျာထား သတ်မှတ်ကာ စီမံကိန်းပထမအဆင့်အနေနှင့် မြေဧက ၅၀၀ခန့်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားကြောင်း၊ ဆိပ်ကမ်းကို မြစ်ကမ်းအရှည် ၂ ဒသမ ၂ ကီလိုမီတာ အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ဆိပ်ကမ်းအနီး ဆက်စပ်နေသည့် မြစ်ရေသည် ရေစူး ၉ မီတာ အနက်ရှိကြောင်း အဆိုပါလုပ်ငန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းတည်ဆောက်ရန် နိုင်ငံတကာမှ ကုမ္ပဏီကြီးများဖြစ်သည့် surbana Jurong နှင့် Royal Haskoning စသည့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများနှင့် ပမာဏဖြစ်နိုင်ခြေ လေ့လာခြင်း၊ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို ဆောက်ရွက်ခဲ့ပြီး အောင်မြင်မည့် အလားအလာကောင်းများ တွေ့ရသည့်အတွက် ကော့မှူးမြို့နယ် သရက်တောကျေးရွာတွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးခြင်းကို အဓိကထား၍ အခြားပြည်ပ ပို့ကုန်သွင်းကုန်များ လက်ခံဆောင်ရွက်နိုင်မည့် ဆိပ်ကမ်းဆောက်လုပ်သွားမည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ဆိပ်ကမ်းဆောက်လုပ်မည့် နေရာသည် ယခုလက်ရှိ ရန်ကုန်ဆိပ်ကမ်းများကို ဆိုက်ကပ်နေသည့် ကွန်တိန်နာသင်္ဘောကြီးများထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ပြီး သီလဝါဆိပ်ကမ်းထက်လည်း ရေစူးပိုမိုကောင်းမွန်ကြောင်း စီမံကိန်းတင်သွင်းခဲ့သည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

“အခုလက်ရှိ ဆိပ်ကမ်းသစ်နေရာဟာ Downtown ဧရိယာနဲ့လည်း လွတ်ကင်းတဲ့အတွက် ကုန်စည်လက်ခံနိုင်မှု ပမာဏများသလို နောင်အနာဂတ်မှာ ဆိပ်ကမ်း ဧရိယာချဲ့ထွင်ဖို့ လိုအပ်ရင်လည်း အလွယ်တကူ ချဲ့ထွင်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆိပ်ကမ်းဆောက်လုပ်မည့် ကုန်ကျစရိတ်နှင့် စီမံကိန်းစတင်မည့် အချိန်ကာလနှင့် မည်သည့်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သွားမည် စသည့်အချက်များကိုမူ အစီရင်ခံစာအတွင်း ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

J-08




FOLLOW US