News

POST TAGGED AS

ကော့မှူး

ချင်းတွင်းမြစ်အတွင်း ဇူလိုင်မှစ၍ သင်္ဘောပြေးဆွဲမည်
ကလေး၊ ဇွန် ၃ 

စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် ဟုမ္မလင်းမြို့အကြား ချင်းတွင်းမြစ်ကြောင်းအတိုင်း သင်္ဘောပြေးဆွဲမှုကို ဇူလိုင်လ ၂ ရက်နေ့မှစ၍ ပြေးဆွဲမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနထံမှ သိရသည်။ 

ယခုနှစ် မိုးရာသီကာလ ချင်းတွင်းမြစ်အတွင်း သင်္ဘောပြေးဆွဲမှုကို ဧရာဝတီမြစ်အတွင်းပြေးဆွဲသည့် ပင်လုံအမည်ရှိ နှစ်ထပ်သင်္ဘောဖြင့် ပြေးဆွဲမည်ဖြစ်သည်။

သင်္ဘောပြေးဆွဲမှုကို အပတ်စဉ်တနင်္လာနေ့တိုင်း မုံရွာမြို့မှထွက်ခွာပြီး သောကြာနေ့တွင် ဟုမ္မလင်းမြို့မှ ပြန်လည်ထွက်ခွာသည့်စနစ်ဖြင့် ပြေးဆွဲမည်ဖြစ်ကာ သင်္ဘောစီးခအနေဖြင့် ယခင်နှစ် ကောက်ခံသည့်ဈေးနှုန်း လူတစ်ဦးလျှင် မုံရွာ-မင်းကင်း ၃၀၀၀ ကျပ်၊ မုံရွာ- ကလေးဝ ၄၀၀၀ ကျပ်၊ မုံရွာ- မော်လိုက် ၆၀၀၀ ကျပ်၊ မုံရွာ- ဖောင်းပြင် ၇၀၀၀ ကျပ်ဖြစ်ပြီး မုံရွာ-ဟုမ္မလင်း ၇၅၀၀ ကျပ်အထက် ငွေကျပ် ၅၀၀ မှ ၁၀၀၀ ကျပ်အထိ ဈေးတက်ရန်ရှိကြောင်း မိုးမြင့်ကြယ်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးမှ ဒါရိုက်တာဦးစိုးမိုးနိုင်က ပြောကြားသည်။ 

“ဈေးနှုန်းကတော့ ဒီနှစ်က ဆီဈေးကြီးတာဆိုတော့ ရိုးရိုးတန်းလေးသာ ငါးရာတစ်ထောင်လောက်တော့ တက်သွားတာပေါ့။ ကုန်တင်ခနဲ့ အထူးတန်းအတွက်တော့ နှုန်းထားက မနှစ်ကအတိုင်းပါပဲ”ဟု ၎င်းက ပြောဆိုသည်။ 

ချင်းတွင်းမြစ်အတွင်း မိုးရာသီကာလ သင်္ဘောပြေးဆွဲမှုကို ၂၀၁၇ ခုနှစ် မိုးရာသီကာလမှစ၍ ပုဂ္ဂလိကကိုပြေးဆွဲစေသည့် စနစ်ဖြင့်ပြေးဆွဲခဲ့ရာ မိုးရာသီကာလ သင်္ဘောပြေးဆွဲမှု ခေါက်ရေ ၂၀ အထိ ပြေးဆွဲနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပုဂ္ဂလိကစနစ်ဖြင့် ပြေးဆွဲရန်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် သင်္ဘောနှစ်စီးဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာန တိုင်းရုံးမှသိရသည်။

ယခင်နှစ်များက ချင်းတွင်းမြစ်အတွင်း သင်္ဘောပြေးဆွဲမှုကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနက ပြုလုပ်ခဲ့သည်။ 

R-20



FOLLOW US